ရခိုင်ဒေသခံတစ်ဦးကို NUG၊ CRPH နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

မင်းဂံရပ်ကွက်နေ ဦးစံရွှေမောင်သည် ၎င်းအသုံးပြုသည့် “Ko Myat Yun AraKan” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ 

By Admin 20 Nov 2023

 ပြီးခဲ့သည့်စစ်ရေးကာလ ရခိုင်ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)
ပြီးခဲ့သည့်စစ်ရေးကာလ ရခိုင်ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)

DMG ၊ နိုဝင်ဘာ ၂၀ 

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နှင့် ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စစ်ကောင်စီက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

မင်းဂံရပ်ကွက်နေ ဦးစံရွှေမောင်သည် ၎င်းအသုံးပြုသည့် “Ko Myat Yun AraKan” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ 

“ဦးစံရွှေမောင်ကို သက်ဆိုင်ရာ ရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့တယ်” ဟု သတင်းထုတ်ပြန်ထားသည်။ 

ယင်းအပြင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

လက်ရှိ အမှုဖွင့်ခံထားရသည့် စစ်တွေဒေသခံ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန် DMG က ကြိုးပမ်းနေဆဲ ဖြစ်သည်။ 

ရခိုင်ပြည်တွင် ယခုလ ၁၃ ရက်နေ့မှစကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရခိုင်ဒေသခံများကို ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။  

တိုက်ပွဲကာလအတွင်း စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံ ၅၀ ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ယင်းအထဲတွင် စစ်တွေဒေသခံ ၃၀ ဦးခန့်ထိ ပါဝင်သည်ဟု DMG က လက်တလော စုံစမ်းချက်အရ သိရသည်။ 

ယင်းသို့ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသော်လည်း CRPH၊ NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တွေဒေသခံတစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “အမှန်ဆိုရင် အစိုးရတစ်ရပ်ဟာ ဂုဏ်သိက္ခာနဲ့ညီမယ်ဆိုရင် ပြည်သူတွေကို ကာကွယ်ရမယ်။ ရန်သူနဲ့ ပြည်သူကို ခွဲခြားသိရမယ်။ အခုက ပြည်သူ၊ ရန်သူ မခွဲခြားဘဲ တပြေးညီဆက်ဆံတယ် ဆိုတာက အစိုးရတစ်ရပ်ရဲ့ အင်္ဂါရပ်မဟုတ်ဘူး” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် NUG၊ CRPH၊ ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့(PDF) တို့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ရခိုင်ဒေသခံ ၁၀ ကျော်ထိရှိလာသည်။ 

ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က မောင်တောမြို့၊ ၄ မိုင်ကျေးရွာမှ ကိုဖြိုးမောင်ကို CRPH၊ NUG တို့နှင့် ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ အလားတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြောက်ဦးဒေသခံ ကိုရင်ဆို့(ခ) ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့သည်။ 

CRPH၊ NUG တို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ ပြည်သူအနှောင့်အယှက်ဖြစ်စေမည့် လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က)နှင့် ပုဒ်မ- ၅၀၅(က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ- ၃၃(က)တို့ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#D001 #DMG 

ဗီဒီယိုများ