စစ်တွေမြို့တွင် အရပ်သား ၅၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားများအား လိုက်လံဖမ်းဆီးမှုများ၊ ညအချိန် ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးမှုများ၊ ကလေးသူငယ်များကိုပါမကျန် ခေါ်ယူထိန်းသိမ်းမှုများရှိနေသည်။ 

By Admin 23 Nov 2023

စစ်တွေမြို့တွင် စစ်ကောင်စီ၏ အချုပ်ကားတစ်စီးကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
စစ်တွေမြို့တွင် စစ်ကောင်စီ၏ အချုပ်ကားတစ်စီးကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၃   

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန်တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၂ ရက်နေ့ထိ ၁၀ ရက်အတွင်း စစ်တွေမြို့တွင် အရပ်သား ၄၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း DMG ၏ လတ်တလောစုံစမ်းချက်အရ သိရသည်။ 

ဖမ်းဆီးခံထားရသူများမှာ တေဇာရာမ(သရက်အုပ်) ဘုန်းကြီးကျောင်းမှ ၁၈ ဦး၊ မင်းဂံအကွက်(၁၀)မှ ၃ ဦး၊ လောကာနန္ဒာခွဆုံအနီးတွင် ၈ ဦး၊ ရွာသာယာရွာမှ ၆ ဦး၊ ကန်တော်ကြီးရပ်ကွက်မှ ၆ ဦး၊ စက်ရုံစုရပ်ကွက်မှ ၂ ဦး၊ ဆတ်ရိုးကျရပ်ကွက်မှ ၁ ဦး နှင့် တရားသီးစုရပ်ကွက်မှ ၁ ဦး ဖြစ်သည်။ ယင်းအထဲတွင် ရဟန်းသံဃာ၊ ကျောင်းသားလူငယ်နှင့် စစ်ဘေးရှောင် ၃၀ ဦးခန့်ထိ ပါဝင်သည်။   

နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၀ နာရီချိန်က တေဇာရာမ (သရက်အုပ်) ဘုန်းတော်ကြီးကျောင်းကို လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၅၀ ခန့် ဝင်ရောက်လာပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ သံဃာ၊ ကျောင်းတကာ အပါအဝင် စစ်ဘေးရှောင် ၁၈ ဦးကို ဖမ်းဆီးသွားခဲ့သည်။ လက်ရှိတွင် ၂ ရက်ကြာထိ ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ်မရဖြစ်နေသည်။ 

“ဘယ်ကိုခေါ်သွားမှန်းမသိဘူး။ အမှတ် (၁) ရဲစခန်းမှာ ရှိတယ်ကြားလို့ အဲဒီကိုလိုက်သွားတော့ မတွေ့ခဲ့ရဘူး။ ကျန်းမာရေးလည်း မကောင်းတော့ စိုးရိမ်မှုက အများကြီးရှိတယ်” ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ အမျိုးသမီးက ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ သံဃာတော် (၁) ပါး၊ ကျောင်းတကာ (၂) ဦး၊ ဆွမ်းတကာ (၁) ဦးအပြင် စစ်ဘေးရှောင်များ ဖြစ်သည့် ဦးမောင်ကျော့စိန် ( ၅၂) နှစ်၊ ဦးအေးမောင်ကြိုင် ( ၅၃)နှစ်၊ ဦးကိုတင်ဝင်း ( ၃၁) နှစ်၊ ဦးဇော်မင်းနိုင် (၃၂) နှစ်၊ ဦးအောင်ဟိန်း ( ၄၆) နှစ်၊ ဦးအောင်ထွန်းခိုင် (၃၀)နှစ်၊ ဦးကျော်စိန်မောင် (၅၀) နှစ်၊ ဦးအောင်ထွီးခိုင် (၅၂) နှစ်၊ မောင်ဦးစိန်မောင် (၁၉)နှစ်၊ ဦးသန်းဝင်း၊ ဦးမဲသန်းအောင်၊ ဦးမောင်ကျော်လှ၊ ဦးအောင်ဖြိုးသိန်း၊ ဦးကျော်ရွှေဦး တို့ ဖြစ်သည်။ 

သရက်အုပ် ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းတွင် ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် ၁၅၀ ခန့်ရှိပြီး ၎င်းတို့သည် ၂၀၁၉ ခုနှစ်ကပင် စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။ ကြုံရာကျပန်း လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေရသူများ၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။ 

“သူတို့ကတော့ စစ်ဆေးဖို့ခေါ်သွားတာလို့ ပြောတယ်။ ဘယ်အကြောင်းအရာတွေကို စစ်ဆေးဖို့ခေါ်သွားတယ် ဆိုတာတော့ မသိဘူး၊ အတိကျပြောသွားတာလည်း မရှိဘူး” ဖမ်ဆီးခံထားရသည့် စစ်ဘေးရှောင်နောက်တစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားများအား လိုက်လံဖမ်းဆီးမှုများ၊ ညအချိန် ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးမှုများ၊ ကလေးသူငယ်များကိုပါမကျန် ခေါ်ယူထိန်းသိမ်းမှုများရှိနေသည်။ 

စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၅ ရက်တွင် ကန်တော်ကြီးရပ်ကွက်နှင့် မင်းဂံရပ်ကွက်အတွင်း အရပ်သားများအား လိုက်လံဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်ပေါ်တင်ခဲ့သူ မောင်မြတ်ထူးနိုင်နှင့် ၎င်း၏ဖခင်ဖြစ်သူတို့ ဖမ်းဆီးခံထားရမှု တစ်ပတ်ကျော်လာသည်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။ 

“ဖမ်းသွားတာလည်း တစ်ပတ်ကျော် ရှိနေပြီ။ အခုထိ အဆက်သွယ်မရသေးတော့ ဘာတွေများ ဖြစ်နေမလဲဆိုပြီး  စိုးရိမ်နေကြပါတယ်” ဟု မိသားစုဝင်နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဖမ်းဆီးမှုကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ 

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာပြီးနောက် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်များကို ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ လှည့်လည်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။   

“အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးတယ်ဆိုတာက တော်တော်လေးကို ဆိုးပါတယ်။ လူတိုင်းကို လိုက်ဖမ်းနေတော့ အခုနောက်ပိုင်း လူတွေရဲ့စိတ်မှာ အတွေးဝင်နေတာက နေရင်းထိုင်ရင်း ဘယ်အချိန်အဖမ်းခံရမလဲ ဆိုတာပါပဲ” ဟု စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီနှင့် AA တို့ စစ်ရေးပြင်းထန်လာသည်နှင့်အမျှ စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်တို့မှ အရပ်သား ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ 

#D003 #DMG 

ဗီဒီယိုများ