တစ်နှစ်တာအတွင်း နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှု ၅၈ ရာခိုင်နှုန်းတိုးမြင့်လာ

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကထက် ၅၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။  

By Admin 05 Oct 2023

ဓာတ်ပုံ - Sagaing People Defence Force Battalion 3
ဓာတ်ပုံ - Sagaing People Defence Force Battalion 3

DMG ၊ အောက်တိုဘာ ၅ 

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကထက် ၅၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။  

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကာလများနှင့်နှိုင်းယှဉ်လျှင် တောင်တန်းမြေပြန့်ဒေသအားလုံးတွင် ပိုမိုကျယ်ပြန့်လာနေပြီး တိုက်ပွဲပြင်းထန်လာခြင်းမှာလည်း ခုခံတော်လှန်စစ် အရှိန်မြှင့်လာခြင်းကြောင့်ဟု BNI က ဖော်ပြသည်။

“အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG စတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ မြို့ပြဒေသအလိုက် PDF တွေပေါင်းစည်းပြီးတော့မှ စစ်မျက်နှာအစုံဖွင့်ပြီး ခုခံတော်လှန်စစ်ကို အရှိန်မြှင့်နေတယ်။ တစ်ဖက်က စစ်အရှိန်မြှင့်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပြန်ပြီး ထိုးစစ်တွေ၊ လေကြောင်းတိုက်ခတ်မှုတွေ လုပ်တဲ့အတွက် တိုက်ပွဲတွေ ပိုပြီးများပြားလာတာဖြစ်တယ်” ဟု BNI-Myanmar Peace Monitor တာဝန်ခံက ပြောသည်။  

ယခုနှစ်အတွင်း နွေဦးတော်လှန်ရေးအင်အားစုများအချင်းချင်းကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု သိသိသာသာအားကောင်းလာနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်မည့် အလားအလာရှိနေကြောင်း BNI က သုံးသပ်ထားသည်။  

နွေဦးတော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမိုမြှင့်တင်လုပ်ဆောင်လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နန်ဝါရီလမှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၂၆ ကြိမ်အထိရှိခဲ့ကြောင်း BNI ၏ မှတ်တမ်းများက ဖော်ပြသည်။  

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု ၄၆ ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် ၁၈၇ ကြိမ်ရှိခဲ့သဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပိုများလာနေသည်။ 

လေကြောင်းတိုက်ခိုက်မှုများ၏ ဦးတည်ရာနှင့်ပစ်မှတ်ထားမှုသည် ခုခံတော်လှန်ရေးအင်အားစုများထက် လက်နက်မဲ့ အရပ်သားပြည်သူများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်သည်ကို တွေ့ရကြောင်း BNI မှတ်တမ်းများက ဖော်ပြထားသည်။  

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်လုံးက အငြိုးအတေးများနှင့် တိုက်ခတ်မှုဖြစ်နေသဖြင့် တည်ငြိမ်ရန်မလွယ်ကူသည့် အခြေအနေဖြစ်ပြီး ယခုအတိုင်းဆက်သွားနေလျှင် နိုင်ငံချွတ်ခြုံကျသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ 

“တိုက်ပွဲတွေလည်း ပိုပြင်းထန်လာနိုင်တယ်။ အဆုံးအဖြတ်တိုက်ပွဲဆိုတာကတော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် အထိနာလာရင်၊ ဒါမှမဟုတ် တစ်ဖက်ဖက်ကအထိနာလာရင် အခြားအဖွဲ့အစည်း၊ တခြားနိုင်ငံတွေရဲ့ ကမကထလုပ်မှုတွေကြောင့် ဆွေးနွေးမှုဖြစ်လာနိုင်တယ်။  အဲလိုမှမဟုတ်ဘဲ အဆုံးစွန်ထိ တိုက်ကြမယ်ဆိုရင်တော့ နိုင်ငံတောင်ပြိုကွဲသွားနိုင်တယ်” ဟု နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။   

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေလည်း တိုးလာနေပြီး လက်ရှိမှာ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၂ သန်းကျော်အထိရှိနေကြောင်း BNI က စာရင်းအရ သိရသည်။  

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်အထိကြာမြင့်လာပြီဖြစ်ကာ မြန်မာ့ဒီမိုကရေစီအခင်းအကျင်း ဆိတ်သုဉ်းနေရပြီး ဒေသခံပြည်သူများမှာ သေနတ်သံ၊ ဗုံးသံများကြား နေ့စဉ်နှင့်အမျှ ပြေးလွှားနေကြရသည်။

ဗီဒီယိုများ