စစ်တွေမြို့တွင် ဧည့်စာရင်းအကြောင်းပြပြီး ပြည်သူများအား ဖမ်းဆီးနေ 

နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီကျော်က  စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် (၇) နှစ်အရွယ် မောင်မောင်ဇံနှင့် အသက် (၂၀) အရွယ် ကိုဇော်ဇော်တို့မှာ ရွှေရောင်စုံဘုန်းကြီးကျောင်း၌ ရှိနေစဉ် စစ်ကောင်စီတပ်သား ၂၀ ခန့်က လာရောက် ဖမ်းဆီးခဲ့သည်။

By Admin 20 Nov 2023

စစ်တွေမြို့အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 
စစ်တွေမြို့အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၂၀ 

ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ လိုက်လံဖမ်းဆီးမှုများရှိနေပြီး  ကလေးသူငယ်များကိုပါမကျန် ခေါ်ယူထိန်းသိမ်းမှုများရှိနေကြောင်း သတင်းရရှိသည်။ 

နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီကျော်က  စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် (၇) နှစ်အရွယ် မောင်မောင်ဇံနှင့် အသက် (၂၀) အရွယ် ကိုဇော်ဇော်တို့မှာ ရွှေရောင်စုံဘုန်းကြီးကျောင်း၌ ရှိနေစဉ် စစ်ကောင်စီတပ်သား ၂၀ ခန့်က လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေရောင်စုံကျောင်းနှင့် နီးစပ်သူတစ်ဦးက “အဲဒီကလေးက မင်းဂံကပဲ။ ဆွမ်းချိုင့်တွေကောက်ပေးရင်း ကျောင်းမှာအိပ်တာ။ အဲဒါကို ဧည့်စာရင်းတိုင်ထားတာ မရှိဘူးဆိုပြီး ဖမ်းသွားတယ်။ ဓမ္မာရုံတံခါးတွေကို စစ်ကောင်စီတပ်သားတွေက ရိုကျိုးမှုမရှိဘဲ ခြေနဲ့ကန်ပြီး ဖွင့်ချလိုက်တာ” ဟု ၎င်းက ပြောသည်။ 

၎င်းတို့နှစ်ဦးအား စစ်တွေမြို့မရဲစခန်း၌ တစ်ညတာထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။  

ရခိုင်စစ်ပွဲစတင်သည်နှင့်တပြိုင်နက် စစ်တွေမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ မပါဘဲ ဧည့်စာရင်းစစ်ဆေးမှုများ နေ့စဉ်ရှိနေသည်။ 

“ဘုန်းကြီးကျောင်းတွေကို ပိုစစ်ဆေးတယ်။ ဧည့်စာရင်းစစ်တယ်ပြောပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း မပါဘဲ စစ်သားတွေ မျက်နှာဖုံးစွပ်ပြီး နေ့တိုင်းလိုလိုစစ်တာ” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၁၇ ရက် ည ၉ နာရီကျော်ကလည်း စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်နေ တက္ကသိုလ်ကျောင်းသား မောင်မြတ်ထူးနိုင်နှင့် ဖခင်ဖြစ်သူတို့ကို စစ်ကောင်စီတပ်က နေအိမ်သို့လာရောက် ဖမ်းဆီးသွားခဲ့သည်။ 

“စစ်သားတွေ မျက်နှာဖုံးစွပ်ပြီး ဝင်လာတယ်။ ဧည့်စာရင်းစစ်သလိုမျိုးစစ်တယ်။ ပြီးတော့ တစ်အိမ်လုံးကို မွှေနှောက်ပြီး ကောင်လေးနဲ့ အဖေဖြစ်သူကို ခေါ်သွားတယ်” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။ 

မောင်မြတ်ထူးနိုင်သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သူဖြစ်သည်။ 

ယခုကဲ့သို့ ကလေးသူငယ်များကိုပါမကျန် စစ်ကောင်စီက ဖမ်းဆီးရန်ကြိုးပမ်းနေခြင်းမှာ ပြည်သူများအား အကြောက်တရား သွတ်သွင်းနေခြင်းဟု ရခိုင်ဒေသခံများက ပြောကြသည်။ 

နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက “သူတို့လုပ်နေကျဖြစ်တဲ့ အကြမ်းဖက်၊ ခြိမ်းခြောက်တဲ့ စနစ်တွေနဲ့ တနိုင်ငံလုံးကို လုပ်နေတာ။ ကလေး၊  ရဟန်းသံဃာ၊ မိန်းမ၊ ယောက်ျား အကုန်လုံးဟာ စစ်ကောင်စီရဲ့ အငြိုးအတေးနဲ့ လက်စားချေတာကို တစ်နေ့ထက်တစ်နေ့ ပိုပြီးခံလာရမှာ။ အခု ရခိုင်မှာလည်း ပြည်သူတွေကို ခြိမ်းခြောက်ပြီး မြို့လုံးကျွတ်ထွက်ပြေးအောင် လုပ်လာတယ်” ဟု ပြောသည်။ 

DMG က လတ်တလော စုံစမ်းချက်အရ စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသား၊ စစ်ဘေးရှောင်နှင့် ဒေသခံ ၃၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

#D004 #DMG

ဗီဒီယိုများ