ရခိုင်ဒေသခံများကို ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီများ လှုံ့ဆော်နေ

ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ ဒေသခံများကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ လိုက်လံဖမ်းဆီးနေပြီး ထိုသို့ဖမ်းဆီးရန်အတွက်လည်း စစ်ကောင်စီလော်ဘီများက လှုံ့ဆော်ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိသည်။

By Admin 20 Dec 2023

စစ်ကောင်စီလော်ဘီ Telegram Channel တွင် ရခိုင်ဒေသခံများအား ဖမ်းဆီးရန် လှုံ့ဆော်ထားမှုများ။
စစ်ကောင်စီလော်ဘီ Telegram Channel တွင် ရခိုင်ဒေသခံများအား ဖမ်းဆီးရန် လှုံ့ဆော်ထားမှုများ။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားကြသူများ၊ နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ အပါအဝင် စစ်ကောင်စီကို ဝေဖန်နေသူများအား ဖမ်းဆီးရန်အတွက် စစ်ကောင်စီလော်ဘီများက ဝါဒဖြန့်လှုံ့ဆော်နေခြင်း ဖြစ်သည်။

DMG စောင့်ကြည့်ချက်အရ သံဃာအပါအဝင် လူပုဂ္ဂိုလ် ၃၀ ထက်မနည်းကို Telegram Channel ၊ Facebook စာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွဖော်ပြပြီး ဖမ်းဆီးအရေးယူနိုင်အောင် သတင်းပို့ပေးကြရန် လှုံ့ဆော်နေသည်။ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း စသည့်မြို့နယ်များမှဖြစ်ပြီး လက်ရှိတွင် ဖော်ပြခံထားရသော ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဖမ်းဆီးရန်အတွက် စစ်ကောင်စီလော်ဘီများက လှုံဆော်ခံထားရသူ ရမ်းဗြဲဒေသခံတစ်ဦးက “ကျနော့်ကို ဖမ်းဆီးဖို့ လှုံ့ဆော်ထားတာကို ကျနော့်သူငယ်ချင်းတွေ ပြောမှသိရတာ။ ကျနော်တို့က လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်တော့ သူတို့စောင့်ကြည့်တဲ့အထဲမှာ ပါသွားတဲ့သဘောပေါ့” ဟု DMG ကို ပြောသည်။

စစ်ကောင်စီလော်ဘီများသည် Doror Waddy MideaMay Mu Hter Nayမေယုဟစ်တိုင် စသည့် Facebook Page နှင့် Western 24 NEWsPalwtwa Daily NEWsMin Chit Oo စသည့် Telegram Channel အပြင် အခြားလူမှုကွန်ယက်များတွင် ဝါဒဖြန့်လှုံ့ဆော်နေကြခြင်း ဖြစ်သည်။

ဖမ်းဆီးရန်လှုံ့ဆော်ခံရသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “အဲဒီလို လှုံ့ဆော်ခံရတဲ့ စာရင်းထဲကလူတွေ အဖမ်းခံရတာပဲဖြစ်ဖြစ်၊ ထွက်ပြေးသွားတာပဲဖြစ်ဖြစ် အဲလိုဖြစ်သွားမယ်ဆိုရင် ရခိုင့်တော်လှန်ရေးဟာ အင်အားပျော့သွားမယ်ဆိုတဲ့ သဘောနဲ့ ခြိမ်းခြောက်နေတာ” ဟု ပြောသည်။

ရခိုင်တွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီက ဆက်တိုက်ကျူးလွန်နေပြီး ၎င်းတို့၏လုပ်ရပ်များကို ထုတ်ဖော်ရေးသားနေသူများအား ဖမ်းဆီးထိန်းသိမ်းရန် စစ်ကောင်စီလော်ဘီများက လှုံ့ဆော်နေခြင်းဖြစ်သည်။

စစ်ကောင်စီလော်ဘီများနှင့် ပြည်နယ်စစ်ကောင်စီ၏ “ရခိုင်နေ့စဉ်” လူမှုကွန်ရက်တွင် ရခိုင်သတင်းမီဒီယာများမှ ရေးသားဖော်ပြသော သတင်းများကို ထပ်ဆင့်မျှဝေခြင်း၊ ကူးယူဖော်ပြခြင်း၊ မှတ်ချက်ရေးသားခြင်း ပြုလုပ်သူများကို အရေးယူရန် စာရင်းပြုစုနေသည်ဟုလည်း ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီသည် သတင်းအမှောင်ချရန်အတွက် တိုက်ပွဲမဖြစ်မီအချိန်ကပင် သတင်းသမားများအား လိုက်လံဖမ်းဆီးနေပြီး လက်ရှိတွင် သတင်းစားသုံးသူများကိုပါ ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

“ဒီကာလမှာ အွန်လိုင်းအသုံးပြုတာကို ကိုယ့်အတွက် အန္တရာယ်ကင်းအောင် သုံးစွဲသင့်တယ်။ ဖုန်းထဲမှာလည်း လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တာတွေကို မသိမ်းထားဖို့လိုမယ်။ အပြင်သွားမယ်ဆိုရင် မလိုအပ်ဘဲ ဖုန်းမယူတာကတော့ အကောင်းဆုံးပါပဲ” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

တိုက်ပွဲကာလအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝါဒဖြန့်သတင်းများ မျှဝေရေးသားသည်ဟုဆိုကာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ့မြို့မှ ဒေသခံ ၇ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က)၊ (ခ) တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဗီဒီယိုများ