မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထား

အဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် အသင်းသား/သူများ လုံခြုံမှု အားနည်းလာသည်ဟု ယူဆကာ မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ရက်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

By Admin 15 Oct 2022

မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထား

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဦးဦးလှသိန်း။

DMG ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်၊ မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ အဖွဲ့ဝင်နှစ်ဦးကို မြန်မာစစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၁၁ နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(၃၅ နှစ်)နှင့် ၎င်း၏ယောက်ဖဖြစ်သူ ကိုအောင်မြတ်ငြိမ်း (၂၅ နှစ်)တို့ကို မြန်မာစစ်တပ်က နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယင်းနှစ်ဦးအနက် ကိုအောင်မြတ်ငြိမ်းကို ယနေ့(အောက်တိုဘာလ ၁၅ ရက်) နံနက် ၈ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကွန်ယက်တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

“ညဘက် ၁၁ နာရီလောက်မှာ အိမ်ကိုဝင်လာပြီး ဖမ်းသွားတယ်။ သူတို့က ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုးနဲ့ဝင်လာပြီး ဦးလှသိန်းက အိမ်ပေါ်မှာရှိနေတာဆိုတော့ အိမ်ပေါ်ကိုတက်ပြီး ပစ္စည်း၊ စာရွက်စာတမ်းတွေ စစ်ဆေးပြီး သူ့ကိုခေါ်သွားတယ်။ သူ့ယောက်ဖကိုလည်း မင်းပါအဖော်လိုက်ခဲ့၊ မင်းကိုပါ မေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ ယောက်ဖဖြစ်သူကတော့ ဒီနေ့မနက် ၈ နာရီခွဲလောက်က ပြန်လွတ်လာပါပြီ”ဟု ကွန်ယက်တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ အဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်)မှစ၍ မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ယက်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း အဆိုပါကွန်ယက်မှ ထုတ်ပြန်လာသည်။

လူမှုရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းများလုပ်ဆောင်လာ၍ လုံခြုံမှုမရှိသလို ခံစားနေရသောကြောင့် လူမှုကူညီရေးလုပ်ခြင်းကို ရပ်နားထားခြင်းဖြစ်သည်ဟု ကွန်ယက်တာဝန်ရှိသူက ဆက်ပြောသည်။

“နေရာတကာနီးပါးမှာ လူမှုရေးလုပ်နေသူတွေကို ဖမ်းဆီးနေတယ်လို့ ပြောသံကြားတော့ မောင်တောမြို့နယ်မှာရှိတဲ့ လူမှုရေးလုပ်တဲ့သူတွေ သတ်သတ်ပဲမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေးလုပ်တဲ့သူတွေ အာလုံးဟာ မလုံခြုံတော့ဘူးပေါ့။ မလုံခြုံသလိုလည်း ခံစားရတယ်။ ဒါကြောင့် လူမှုရေးလုပ်တာကို ရပ်နားထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မောင်တောမြို့နယ် ‘ကရုဏာ’ကွန်ရက်သည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစပြီး နာရေးကိစ္စများနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူမျိုးဘာသာမရွေး လုပ်ကိုင်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကလည်း မြောက်ဦးမြို့၊ ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းမှ ဦးကျော်ဆိုသူကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

ထို့အတူ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မြောက်ဦးမြို့ ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းမှ (ကားအသင်းဥက္ကဌ) ဦးကျော်ညွန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အောက်တိုဘာလ ၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် သင်္ဂဟကမ်းလက်ရက္ခိတအသင်း ဥက္ကဌ ကိုအမ်းသားကြီး(ခ)ကိုသန်းရွှေကို မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် ၄င်းကို ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်တွင် ၂၀၂၂ခုနှစ် ဇွန်လမှ စက်တင်ဘာလ ၂၁ ရက်အထိ သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး ယင်းအထဲမှ လူဦးရေ ၆၀ ကျော်မှာ ယနေ့အထိ မလွှတ်လာသေးပေ။

ဗီဒီယိုများ