AA အလိုမရှိကြောင်း ဆန္ဒပြရန် မွတ်ဆလင်များကို စစ်ကောင်စီ ဆက်တိုက်စေခိုင်းနေ 

စစ်ကောင်စီ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရာနှင့်ချီသည့် မွတ်ဆလင်များ မတ်လ ၂၁ ရက်က “ရက္ခိုင့်တပ်တော်(AA) အလိုမရှိ” ဟု ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ 

By Admin 22 Mar 2024

မတ်လ ၂၁ ရက်က စစ်တွေမြို့တွင် AA အလိုမရှိကြောင်း ဆန္ဒပြနေသည့် မွတ်လင်များအား  တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ရက်
မတ်လ ၂၁ ရက်က စစ်တွေမြို့တွင် AA အလိုမရှိကြောင်း ဆန္ဒပြနေသည့် မွတ်လင်များအား  တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ရက်

“AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်တည်ငြိမ်းအေး ချမ်းရေးကို ဖျက်စီးနေသည့် NUG၊ AA အလိုမရှိ၊ လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ အလိုမရှိ” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်သည့် မွတ်ဆလင်များမှာ စစ်တွေမြို့ အောင်မင်္ဂလာ၊ ကသဲနှင့် သန်တော်လီ ရပ်ကွက်တို့မှဖြစ်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဟု မွတ်ဆလင်အရေး ဆောင်ရွက်နေသူများက ပြောကြသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “လက်ရှိအချိန်မှာ စစ်တွေမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့အတွက် သူတို့ပေးတဲ့အမိန့်ကို မဖြစ်မနေလိုက်နာရတဲ့ အနေအထားမှာရှိတယ်။ အမိန့်မလိုက်နာရင် ကြုံတွေ့လာရမယ့်အခြေအနေက အင်မတန်မှ ဆိုးရွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီအလိုကျ ဆန္ဒပြပွဲလုပ်ရတာပါ” ဟု ပြောသည်။ 

မတ်လ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့ပေါ်တွင် ရာနှင့်ချီသည့် မွတ်ဆလင်များသည် “AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ စစ်ကောင်စီ၏ အတင်းအဓမ္မစေခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကြောင့် ဆန္ဒပြပွဲပေါ်ပေါက်လာခြင်းဟု ဒေသခံများက ပြောဆိုထားသည်။

ရခိုင်စစ်ပွဲအတွင်း အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် မွတ်လင်များကိုအသုံးချ၍ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် လုပ်ဆောင်နေကြောင်း နှစ်ဖက်အသိုင်းအဝိုင်းက ရှုမြင်နေကြသည်။ 

“စစ်ကောင်စီက ရိုဟင်ဂျာ(မွတ်ဆလင်)တွေကို နှစ်ပေါင်းများစွာ ဖိနှိပ်နှိပ်ကွပ်လာခဲ့ပြီ။ အခုလည်း ဆန္ဒပြပွဲတွေကို ဖိအားပေးခြိမ်းခြောက်ပြီး လုပ်ခိုင်းတာတွေက ဖိနှိပ်နှိပ်ကွပ်မှုသာ ဖြစ်ပါတယ်။ AA ကို စစ်ရှုံးနေတဲ့အချိန်မှာ ထွက်ပေါက်တစ်ခုအနေနဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေဖန်တီးဖို့ ကြိုးစားနေတာပါ” ဟု ရိုနေဆန်းလွင်က ပြောသည်။

ရခိုင်ပြည်တွင် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်က လူမျိုးရေးပြဿနာများ ပေါ်ပေါက်ခဲ့ပြီး မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး လူမျိုးရေးပဋိပက္ခများမဖြစ်အောင် သတိထားထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောဆိုကြသည်။ 

စစ်တွေမြို့မှ လူမှုရေးဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက “လူမျိုးနှစ်မျိုးကြားမှာ ပြဿနာဖြစ်တယ်ဆိုတာ နှစ်ဖက်စလုံးအတွက် မကောင်းဘူး။ နစ်နာဆုံးရှုံးမူတွေ အများကြီးရှိတယ်။ အခုချိန်မှာ စစ်ကောင်စီက လူမျိုးရေးပြဿနာဖြစ်အောင် ဖန်းတီးယူနေတဲ့အချိန်ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက သတိထားဖို့လိုအပ်တယ်” ဟု သူက ပြောသည်။ 

ရက္ခိုင့်တပ်တော်ကို မွတ်ဆလင်များ ဆန္ဒဖော်ထုတ်နေခြင်းမှာ အထူးသတိထားရမည့်ကိစ္စဖြစ်ပြီး သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားမည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတင်းမီဒီယာများကို ဖြေဆိုထားသည်။ 

လက်ရှိတွင် စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်ရှိ မွတ်ဆလင်များကို စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ အဓမ္မပို့ဆောင်နေ၍ မွတ်ဆလင်အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ဗီဒီယိုများ