လမ်းပိတ်ထားသဖြင့် ရခိုင်တွင် စားသောက်ကုန်များ ပြတ်လပ်လာ

ရခိုင်ပြည်အတွင်းမှ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသဖြင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာနေကြောင်း ဒေသခံများနှင့် ကုန်စည်ရောင်းချသူများက DMG ကို ပြောသည်။

By Admin 18 Nov 2023

စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများ ပိတ်မိနေသည်ကို နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - Myint Mo Rakhine/ Facebook
စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများ ပိတ်မိနေသည်ကို နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - Myint Mo Rakhine/ Facebook

DMG ၊ နိုဝင်ဘာ ၁၈

ရခိုင်ပြည်အတွင်းမှ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသဖြင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာနေကြောင်း ဒေသခံများနှင့် ကုန်စည်ရောင်းချသူများက DMG ကို ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့မှ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့နေသည့် ကုန်တင်ကားများမှာ လမ်းခုလပ်တွင် ပိတ်မိနေကြသည်။

လက်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ စသည့်မြို့နယ်တို့တွင် ကုန်စည်ပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။

 “အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီအပါအဝင် အာလူးတွေ၊ ပဲတွေကအစ နောက်ဆုံး ခေါက်ဆွဲထုတ်တွေပါ ပြတ်လပ်သွားဖို့အခြေအနေရှိတယ်။ ဒါကြောင့် ရပ်ကွက်တွေ၊ ရွာတွေက လာဝယ်တဲ့ ကုန်စုံဆိုင် တချို့ကိုတောင် မရောင်းတော့ဘဲနဲ့ တကယ် ရိက္ခာအရေးပေါ်လိုအပ်တဲ့ လူတွေအတွက်ပဲ ချန်ထားတော့တယ်” ဟု ကျောက်ဖြူမြို့နယ်မှ ကုန်မျိုးစုံဖြန့်ချိရေးဆိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆန်၊ ဆီ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များ အပါအဝင် ဟင်းသီး၊ ဟင်းရွက်များကိုပါ ဗမာပြည်ဘက်မှ တင်သွင်းနေရခြင်းဖြစ်ပြီး ဆက်လက်၍ လမ်းပိတ်ထားပါက ရခိုင်တပြည်လုံးတွင် စားနပ်ရိက္ခာ ပြတ်တောက်မှုဖြစ်ပေါ်လာနိုင်ကြောင်း ကုန်စည်ရောင်းချသူများက ပြောသည်။

“တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက လူတွေက ကြောက်လန့်တကြားနဲ့ ရိက္ခာ အပိုဝယ်တာတွေရော လမ်းတွေ ပိတ်လိုက်တာရောဆိုတော့ ပစ္စည်းဟောင်းတွေက ကုန်သွားသလောက်ဖြစ်သွားပြီ၊ အခုထပ်ပြီး မရောက်ရင်တော့ ဆိုင်တွေအနေနဲ့ ရောင်းစရာပစ္စည်း ကျန်မယ်မထင်တော့ဘူး” ဟု မြေပုံမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်သို့လာသည့် ကုန်တင်ကား ၁၀၀ ကျော်မှာ အမ်း၊ တောင်ကုတ်၊ မအီ၊ သံတွဲ၊ ဂွ စသည့် လမ်းပိုင်းနေရာတို့တွင် ပိတ်မိနေသည့် ကုန်တင်ကားအစီးရေ ၁၀၀ ကျော်ရှိကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“စစ်ကောင်စီက ကားတွေကို တစ်နေရာတည်းမှာ ပိတ်ထားတာမဟုတ်ဘူး။ နိုဝင်ဘာလ ၁၃ ရက်နေ့ မတိုင်ခင်  ဒီကထွက်သွားတဲ့ ကားတွေအကုန်လုံးကို ရောက်တဲ့နေရာမှာ ရပ်တန့်ခိုင်းထားတာဆိုတော့ အမ်း၊ တောင်ကုတ်၊ မအီ၊ သံတွဲ၊ စတဲ့မြို့နယ်တွေမှာ ပိတ်မိနေတဲ့ ကားတွေ အစီးတစ်ရာကျော်လောက်ရှိတယ်” ဟု ရန်ကုန်-ရခိုင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါကုန်းကားများတွင် ငရုတ်သီး၊ ခရမ်းသီး၊ ကော်ပီထုတ် စသည့် ကုန်စိမ်းများပါဝင်ကြောင်း သိရသည်။ အချို့ ကုန်စိမ်းများမှာ လက်ရှိတွင် ပုတ်သိုးမှုများရှိနေပြီး အာလူး၊ ကြက်သွန်၊ စသည့်ကုန်းပစ္စည်းများမှာလည်း အချိန်မီ မရောက်ပါက ဆုံးရှုံးမှုများဖြစ်လာနိုင်ကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

ရခိုင်တွင် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ်တို့တွင် တိုက်ပွဲဖြစ်ပွားရာတွင်လည်း စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ခဲ့မှုများ ရှိခဲ့သည်။ ယင်းသို့ စားနပ်ရိက္ခာ ဖြတ်တောက်ခြင်းမှာ စစ်ကောင်စီက ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု နိုင်ငံရေးသမားများက ဝေဖန်သည်။

“စစ်ဖြစ်ပြီဆိုတာနဲ့ လမ်းတွေ ပိတ်ဆို့မယ်၊ ရိက္ခာတွေ ဖြတ်တောက်မယ် ဒါတွေဟာ စစ်ကောင်စီဖက်က လုပ်ရိုးလုပ်စဉ်လို ဖြစ်တယ်။ အမှန်က ဒါဟာ ပြည်သူတွေကို ဒုက္ခရောက်စေတဲ့လုပ်ရပ်ဖြစ်လို့ လူ့အခွင့်အရေးကို ချိုးဖောက်တာနဲ့ အတူတူပဲ” ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးအောင်သောင်းရွှေက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပေဒေစည်းမျဉ်း - ၅၃ တွင် အရပ်သားလူထုကို စစ်ပွဲပုံစံ တိုက်ခိုက်သည့် လုပ်ရပ်များနှင့် အစာရေစာဖြတ်ထောက်သည့် လုပ်ရပ်များကို ထားမြစ်ထားပြီး စည်းမျဉ်း - ၅၄ တွင် အရပ်သားလူထု အသက်ရှင်သန်ရေးအတွက် လိုအပ်သည့်အရာများကို တိုက်ခိုက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

#D008 #DMG

ဗီဒီယိုများ