မောင်တောက တိုက်ပွဲရှောင် လသားအရွယ်ကလေးတစ်ဦး အအေးမိ၍သေဆုံး 

လက်ရှိတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀၀ ခန့်ထဲမှ အများအပြားမှာ နေမကောင်းဖြစ်နေကြပြီး စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်ဟု ဒုံးညိုကျေးရွာသားများက ပြောသည်။ 

By Admin 17 Nov 2023

ဓာတ်ပုံ - အင်တာနက်
ဓာတ်ပုံ - အင်တာနက်

DMG ၊ နိုဝင်ဘာ ၁၇ 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဒုံးညိုကျေးရွာဒေသခံ ၅၀၀ ကျော်ထဲမှ အသက် ၇ လအရွယ် မိန်းကလေးတစ်ဦးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အအေးမိ၍ သေဆုံးသွားသည်ဟု သိရသည်။  

ဒုံးညိုရွာသားများမှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှစပြီး ကျေးရွာနှင့် လေးမိုင်ခန့်ကွာဝေးသည့် မေယုတောင်ကြောရှိ တောင်ကုန်း၊ မြောင်၊ သစ်ပင်ကြီးများအောက်တွင် ဖြစ်သလို တိမ်းရှောင်နေရခြင်းဖြစ်သည်။ 

ယင်းနောက် နိုဝင်ဘာလ ၁၅ ရက်နေ့မှစကာ မိုးရွာသွန်းလာမှုကြောင့်  မိန်းကလေးငယ်မှာ အချမ်းလွန်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

"ဒုက္ခရောက်ပြီး အခက်အခဲဖြစ်တာက အများကြီးပဲ။ အခု ကလေးတစ်ယောက်တောင် အချမ်းလွန်လို့ ဆုံးသွားပြီ။ မိုးရေထဲမှာ ၄ ရက်လောက် ဘယ်သူမှ မနေနိုင်ဘူး" သေဆုံးသွားသည့် မိန်းကလေးငယ်၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်ရှိတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀၀ ခန့်ထဲမှ အများအပြားမှာ နေမကောင်းဖြစ်နေကြပြီး စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်ဟု ဒုံးညိုကျေးရွာသားများက ပြောသည်။ 

“မိုးတွေရွာနေလို့ ချက်ပြုတ်ရေးကလည်း အဆင်မပြေဘူး။ နေမကောင်းဖြစ်တဲ့ ကလေးတွေအများကြီးရှိတယ်” ဟု ဒုံးညိုကျေးရွာသားတစ်ဦးက ပြောသည်။ 

ဒုံးညိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၆ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများနှင့်အတူ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင်လည်း  ဒုံးညိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့ရန် အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

"ဘယ်နေရာကို ပြေးရမလဲ မသိတော့ဘူး။ ကျနော်တို့ ရှာလို့မတွေတဲ့ အိမ်ထောင်စုတွေတောင် ရှိသေးတယ်။ သေသလား၊ ရှင်သလားတောင် မသိရဘူး" ဟု ဒုံးညိုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  

နိုဝင်ဘာလ ၁၆ ရက်၊ နံနက် (၁၀) နာရီခန့်တွင် မောင်တောမြို့နယ်အတွင်းရှိ "ဒုံးညို" စခန်းကို မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ 

ရခိုင်ဒေသတွင် တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေမှုကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ခန့်မှ ဒေသခံ ၁,၀၀၀ ကျော်မှာ လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

#D009 #DMG

ဗီဒီယိုများ