ဘူးသီးတောင်တွင် စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာ ဈေးအနီးအနားတွင် ယနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသဖြင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ဒေသခံ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ 

By Admin 13 Nov 2023

ရခိုင်ပြည်အတွင်း လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားတစ်ဦးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 
ရခိုင်ပြည်အတွင်း လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားတစ်ဦးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၁၃ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာ ဈေးအနီးအနားတွင် ယနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသဖြင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ဒေသခံ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ 

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားမှာ အသက် (၄၀) ကျော်အရွယ် ဦးတင်မြတ်ထွန်း(ခေါ်) ဓားထိုး ဟုသိရပြီး အမည်မသိလူတစ်စုထံ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားရခြင်းဟု အမည်မဖော်လိုသည့် ညောင်ချောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဒီနေ့အဝတ်ဆိုင်နားမှာ သူ့ကိုလူတစ်စုက ဖမ်းပြီးခေါ်သွားတယ်လို့ ကြားတယ်။ နောက်ပြီး သေနတ်သံတွေ တစ်ချက်၊ နှစ်ချက်ကြားလိုက်ရတယ်။ သူကတော့ သေသွားတယ်၊ သူ့မှာပါတဲ့ လက်နက်တွေကိုလည်း ယူဆောင်သွားတယ်လို့ သိရတယ်” ဟု သူက ပြောသည်။ 

သေဆုံးသွားသူမှာ ညောင်ချောင်းဈေးအနီးအနားတွင် လက်နက်အပြည့်အစုံဖြင့် အမြဲသွားလာလှုပ်ရှားနေသူ တစ်ဦးဖြစ်သည်။ ယခုဖြစ်စဉ်ပြီးနောက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ညောင်ချောင်း(ရခိုင်) ကျေးရွာက ဒေသခံ ၂၀၀ ခန့်မှာ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်သွားကြသည်ဟု သိရသည်။ 

“ပစ်ခတ်မှုဖြစ်တော့ ကျေးရွာကလူတွေ အကုန်လုံး ထွက်ပြေးကြတယ်။ ရွာမှာတစ်ယောက်၊ နှစ်ယောက်လောက်ပဲ ကျန်ခဲ့တယ်။ ကျနော်တို့ဆိုရင်လည်း အခု နီးစပ်ရာတစ်နေရာကို ထွက်ပြေးနေရတယ်။ ရွာမှာ မလုံခြုံတဲ့အတွက် အကုန်လုံး ထွက်ပြေးလာတာဖြစ်တယ်” ဟု ညောင်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။  

ညောင်ချောင်းကျေးရွာတွင် အိမ်ထောင်စု ၉၀ ကျော်၊ လူဦးရေ ၃၀၀ ကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းမှ အခြေချလျက်ရှိသည်။ ထို့ကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ထွက်ပြေးနေကြခြင်းဟု ဒေသခံများက ပြောဆိုကြသည်။ 

“ကျမတို့ရွာမှာ နယ်ခြားစောင့်ရဲစခန်းရှိတယ်။ ဆိုတော့ AA နဲ့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျမတို့က ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်။ အခြေအနေတစ်ခုကို စောင့်ကြည့်ပြီးတော့ အိမ်ပြန်မှာ” ဟု ညောင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ညောင်ချောင်းနယ်ခြားစောင့် ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့မှုများ ရှိခဲ့သည်။ 

ယနေ့နံနက်က ရသေ့တောင်မြို့နယ် အငူမော် - မောင်တောကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်လာပြီဖြစ်သည်။  

#D014 #DMG 

ဗီဒီယိုများ