ပေါက်တောမြို့တွင် ပိတ်မိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးထား

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ လူဦးရေ ၅၀ ခန့်ရှိပြီး လက်ရှိတွင် ဖုန်းများကို အသိမ်းခံထားရသည့်အတွက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ပညာရေးဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 17 Nov 2023

ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်၊ ပေါက်တောမြို့မှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဝန်ထမ်းအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၇ ရက်) ညနေ ၃ နာရီခန့်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပေါက်တောမြို့တွင် ပိတ်မိနေသူများထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ လူဦးရေ ၅၀ ခန့်ရှိပြီး လက်ရှိတွင် ဖုန်းများကို အသိမ်းခံထားရသည့်အတွက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ပညာရေးဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“သူနဲ့ ကျနော်နဲ့ ညနေ ၃ နာရီလောက်က အဆက်အသွယ်ရခဲ့တယ်။ သူက အဖမ်းခံထားရတယ်။ ဖုန်းတွေကို သိမ်းမယ်ဆိုပြီးတော့ ပြောတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး” ဟု ပြောသည်။

၎င်းတို့ကို ပေါက်တောမြို့၊ လောကထိပ်ပန်ဘုရားရင်ပြင်တွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပိတ်မိနေသည့် မြို့ခံတစ်ဦးကပြောသည်။

“ကျနော် ကြားရသလောက်တော့ အစိုးရဝန်ထမ်းထဲမှာ ပညာရေးဝန်ထမ်းတွေ၊ စိုက်ပျိုးရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါတယ်လို့ သိရတယ်။ ကျနော်တို့လည်း အခုအချိန်ထိ ပိတ်မိနေတယ်။ မြို့ထဲမှာ စစ်သားတွေ နေရာယူထားတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ နောက်ပြီးတော့ မြို့ခံတွေလည်းပါတယ်လို့ သိရတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရထားရသူများနှင့် မိသားစုဝင်များမှာ အဆက်အသွယ်ပြတ်တောက်နေသဖြင့် စိုးရိမ်မှုရှိကြောင်း ပြောဆိုကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပေါက်တောမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် နေဗီကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ယမန်နေ့ကစပြီး လူဦးရေသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု အနည်းဆုံး ၂၀ ဦးခန့်ရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် မြို့ကိုဝင်ရောက်လာကာ ပုန်းခိုနေသော အရပ်သားများအား သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ကြောင်း ဆိုထားသည်။

#D002 #DMG 

ဗီဒီယိုများ