ရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲဖြစ်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ 

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာလျှင် ထပ်မံတိမ်းရှောင်ရန် နေရာမရှိတော့သလို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက်အန္တရာယ်ရှိလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

By Admin 09 Nov 2023

ရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲဖြစ်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ 

DMG ၊ နိုဝင်ဘာ ၉ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့က မြေပြင်အခြေအနေတွင် နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲပြန်ဖြစ်လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်ကြောက်လန့်နေကြသည်။  

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာလျှင် ထပ်မံတိမ်းရှောင်ရန် နေရာမရှိတော့သလို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက်အန္တရာယ်ရှိလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။  

“တကယ်တမ်း တိုက်ပွဲဖြစ်လာရင် ပုန်းစရာနေရာလည်း မရှိဘူး။ ၁၀ ပေ ပတ်လည်နေရာမှာ နေရတာဆိုတော့ ဗုံးခိုကျင်းတူးဖို့နေရာလည်းမရှိဘူး။ အရင်တုန်းကလည်း ကြုံခဲ့ရပေမယ့် အခုလာမယ့်စစ်ပွဲကို အရင်ကထက် ပိုစိုးရိမ်မိတယ်” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဦးကျော်ချေက ပြောသည်။  

ယင်းအပြင် တိုက်ပွဲဖြစ်ပွားလာပါက ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိုမိုတင်းကျပ်လာနိုင်သည့်အတွက် စားနပ်ရိက္ခာနှင့်ပတ်သက်၍လည်း အခက်အခဲများရှိလာနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။ 

စစ်ဘေးရှောင်သက်တမ်း ကြာလာသည်နှင့်အမျှ အထောက်အပံ့ရရှိမှုလည်း နည်းပါးလာနေပြီး လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)အဖွဲ့၏ ထောက်ပံ့မှုတစ်ခုတည်းဖြင့်သာ ခက်ခဲစွာ ရပ်တည်နေကြရသည်။ 

ကျောက်တော်မြို့နယ်၊ ညောင်ရှောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်ရွှေဦးမေက “စစ်ပွဲသာဖြစ်လာခဲ့ရင် ကျမတို့မှာ အကူအညီတွေလည်း ရှိမှာမဟုတ်တော့ဘူး။ ငတ်ပြီးသေဖို့ပဲရှိတော့တယ်” ဟု ပြောသည်။  

စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီဖြစ်၍ တိုက်ပွဲအသံကြားသည်နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံမှုကင်းမဲ့မှုမရှိသလို ခံစားနေရကြောင်း ပြောကြသည်။ 

မြောက်ဦးမြို့တွင် စစ်ကောင်စီ စစ်ကားများ ရိက္ခာအပြည့်ဖြင့် သွားလာနေမှုများကို မြင်တွေ့နေရ၍ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်များက ပြောသည်။ 

“ကျနော်တို့စခန်းအနီးမှာ ညအချိန်မတော် စစ်ကားတွေနဲ့ ရိက္ခာသယ်တာတွေကို မြင်နေရတော့ လုံခြုံမှုမရှိသလို ခံစားလာရတယ်။ စစ်ဖြစ်ရင် ကျနော်တို့မှာ ပြေးစရာနေရာလည်းမရှိ၊ ဘယ်လိုစားသောက်ပြီး အသက်ရှင်ရမလဲ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်” ဟု မြောက်ဦးမြို့၊ အောင်စေတီ စစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။   

ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု၊ စစ်ဆေးရေးတင်းကျပ်မှု၊ အရပ်ဖက်အဖွဲ့များအား စုံစမ်းရှာဖွေမှုများ လုပ်ဆောင်လာခဲ့သည်။  

“လောလောဆယ်တော့ ရခိုင်ဘက်မှာ သေနတ်သံတွေ သိပ်မကြားရသေးဘူး။ ဒါပေမယ့် ဟိုဘက်က အခဲမကျေနိုင်တာကို ဒီဘက်မှာလာပြီးတော့လည်း စစ်မျက်နှာလာဖွင့်နိုင်တယ်။ ဒါကြောင့် ရခိုင်မှာလည်း စစ်ကောင်စီနဲ့ AA ကြားမှာ တိုက်ပွဲတွေ ဖြစ်ဖို့များနေတယ်” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။  

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်ခဲ့သော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံနှစ်သိန်းကျော်ရှိခဲ့ပြီး စစ်ဘေးရှောင် ၅ သောင်းကျော်မှာ လက်ရှိအချိန်ထိ နေရပ်ပြန်ရန်ခက်အခဲနေသေးကြောင်း UNHCR က ထုတ်ပြန်ထားသည်။ 

#D011 D010 #DMG

ဗီဒီယိုများ