AA နှင့်ဆက်စပ်သည့် အမှုများကို ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည့်အပေါ် မိသားစုဝင်များ စိတ်ပျက်နေ

အမှုများတွင် တရားလိုနှင့် တရားလိုသက်သေများမရောက်ရှိသဖြင့် တရားရုံးမှ အမှုကိုစစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းများ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

By Admin 13 Jan 2023

AA နှင့်ဆက်စပ်သည့် အမှုများကို ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည့်အပေါ် မိသားစုဝင်များ စိတ်ပျက်နေ

တကျော့ပြန် တိုက်ပွဲကာလအတွင်း အမှုရင်ဆိုင်နေရသူတချို့

DMG ၊ ဇန်နဝါရီ ၁၃

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟုအကြောင်းပြကာ သံသယနှင့် ဖမ်းဆီးတရားရင်ဆိုင်နေရသူများ၏ အမှုများကို ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရသဖြင့် မိသားစုဝင်များက စိတ်ပျက်နေကြသည်။

အဆိုပါအမှုများတွင် တရားလိုနှင့် တရားလိုသက်သေများမရောက်ရှိသဖြင့် တရားရုံးမှ အမှုကိုစစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းများ ရွှေ့ဆိုင်းနေခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇ (၁) (၂)တို့နှင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ်မြို့မှ သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်း၏အမှုကို တရားလိုသက်သေမရောက်သဖြင့် စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ (၄)ကြိမ်အထိရှိနေပြီဟု ဇနီးဖြစ်သူ ဒေါ်မို့မို့ဝါက DMG သို့ပြောသည်။

အဆိုပါအမှုကို ဇန်နဝါရီလ ၁၂ ရက်နေ့က ရုံးချိန်းတွင် လိုပြသက်သေမရောက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့သို့ ထပ်မံရုံးချိန်းထားသည်။ အမှုတွင် တရားလိုပြသက်သေ တစ်ဦးတည်းသာ စစ်ဆေးရန်ကျန်တော့သည်။

“ကျန်သက်သေတစ်ယောက် မရောက်တာကြောင့် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့နေတယ်။ အချိန်က ကြာနေပြီဆိုတော့ ကျမတို့မှာ နစ်နာနေရတယ်။ အမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီးစေချင်တယ်”ဟု ဒေါ်မို့မို့ဝါကပြောသည်။

ဒေါက်တာ ကျော်သူရထွန်းကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းတွင် ထပ်တိုး တရားစွဲဆိုခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)နှင့် တရားရင်ဆိုင်နေရသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား မောင်ဆန်းဌေးနှင့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား  ကိုခင်ဇော်တို့ အမှုမှာလည်း တရားလိုမရောက်ရှိသဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၆ ကြိမ်အထိရှိနေပြီဖြစ်သည်။

၎င်းအမှုကို ဇန်နဝါရီလ ၁၂ ရက်နေ့က မောင်တောမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလို မရောက်ဟုဆိုကာ လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်သည်။ တရားစွဲဆိုထားသည်မှာ နှစ်လကျော်ကြာမြင့်လာသော်လည်း ယနေ့အထိ စစ်ဆေးခြင်းတစ်စုံတစ်ရာ မရှိသေးခြင်းမှာ မဖြစ်သင့်ဟု ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်ကပြောသည်။

“ကျမတို့မှာ ရုံးချိန်းတစ်ကြိမ်လာဖို့ဆိုတာ မလွယ်ဘူး။ သွားရလာရတာ ပိုက်ဆံလည်းကုန်၊ မိသားစုတွေ အကုန်လုံးကလည်း စိတ်ဆင်းရဲဖြစ်ရတယ်”ဟု မနုသန်းယဉ်က ပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည့် အမှုများထဲမှ အမှုကိုစစ်ဆေးပြီးဖြစ်သော်လည်း တရားရုံးက အဆင်သင့်မဖြစ်သေးဟု အကြောင်းပြကာ အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းခံရသည့် အမှုများလည်းရှိသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ဖမ်းဆီးခံရပြီး ပုဒ်မ- ၁၇(၁)နှင့် တရားစွဲဆိုခံထားရသည့် မင်းပြားမြို့နယ်၊ ရွှေပြားရပ်ကွက်မှ ဦးသိန်းဇော်အမှုတွင်လည်း အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းခံနေရသည်မှာ အကြိမ်(၂၀)ခန့် ရှိနေပြီဟု မိသားစုဝင်များကပြောသည်။

“အထက်က အဆင်သင့်မဖြစ်သေး၊ ဆွေးနွေးနေကြတယ်ဆိုပြီး ရုံးချိန်းနေတာ အကြိမ် ၂၀ လောက်ရှိပြီ။ ဒီလိုရုံးပဲချိန်းနေတော့ ကျနော်တို့မှာ နစ်နာမှုရှိတယ်။ သူက မိဘကို လုပ်ကျွေးနေတာ။ ပြီးရင် သူ့မှာ မိသားစုတွေရှိတယ်။ သူ့ကို တရားစွဲထားတော့ ဇနီးသည်မှာ ကလေးတွေနဲ့ စားသောက်ဖို့ရုန်းကန်ရ ခက်ခဲနေတယ်”ဟု ဦးသိန်းဇော်၏ ညီဖြစ်သူ ကိုလင်းလင်းကပြောသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် မြို့နယ်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများအပါအဝင် စုစုပေါင်လူဦးရေ ၅၀ ခန့်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ တရားရင်ဆိုင်နေသူများမှာ စစ်ကောင်စီက တရားလိုပြုလုပ်ပြီး စွဲဆိုထားသည့် အမှုများဖြစ်သဖြင့် တရားခွင်ကို လေးစားသည့်အနေနှင့် မပျက်မကွက် တက်ရောက်သင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “စွပ်စွဲခံရတဲ့သူတွေအနေနဲ့ နစ်နာချက်တွေ အများကြီးရှိတယ်။ သူတို့(စစ်ကောင်စီ)ကတော့ သူတို့မှာ တရားစွဲဖို့တစ်ခုပဲသိတယ်။ တစ်ဖက်က စွပ်စွဲခံထားရတဲ့ ပြည်သူတွေအနေနဲ့ နစ်နာတယ်။ မိသားစုဝင်တွေအနေနဲ့လည်း စိတ်ပင်ပန်းရတယ်။ ထောင်ထဲ၊ အချုပ်ထဲမှာ ရှိနေတဲ့သူတွေကလည်း တရားလိုတွေ လာရောက် စစ်ဆေးခံမှာလားဆိုပြီး လာနိုးနိုးနဲ့ စောင့်နေရတယ်။ စိတ်ဖိစီးမှုဒဏ်ကို ခံနေရတယ်။ ဒီဟာတွေက မဖြစ်သင့်ဘူးလို့ပဲ ပြောချင်တယ်”ဟု ဆိုသည်။

ရခိုင်တွင် တကျော့ပြန်စစ်ရေးတင်းမာနေချိန်အတွင်း စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၂၃၉ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားသည်။

#I001

ဗီဒီယိုများ