ဆရာတော် ဦးဥတ္တမ၏ နောက်ဆုံးခရီး

နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အဝါဖြင့် ဝန်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါ လူမမာသည်ဘဝဖြင့် ပြုစုသူကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန်လမ်းမများပေါ်တွင် လျှောက်သွားလျက် ရှိသည်။

By ကျော်မြင့်လွင် 09 Sep 2019

ဓာတ်ပုံ - အင်တာနက်

Written by ကျော်မြင့်လွင်

ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်သည့်၊ မြရှင်သကျ သမ္ဗဒ္ဓု၏ ပုတ္ထရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊ မဟစ္ဆရိ၊ အံ့လောက်ဘိသား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊ မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက်ပင်၊ ရွှေလမ်းထွင်သား၊ အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊ ဝံသပါလိတ်၊ ရဲတိဟိတ်သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊ မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန်တျင်းတျင်း၊ ရန်မာန်ခွင်းသည့် ဘက်ကင်းတေဇော်ရှိန်ဘုရား။

(လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး - ဘုန်းတော်ဘွဲ့)

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး၊ ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆောက်ခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေသည်။
ဆရာတော် ဦးဥတ္တမသည် ဒေးဒရဲမြို့အပိုင် ဆူးကလပ်ရွာတွင် နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောပြောမှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းခံခဲ့ရသည်။ ၁၉၂၂ ခု ၊ ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာတော် ထောင်မှ လွတ်မြောက်လာသည့်အခါ ၁၉၂၂ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့၊ ဂျူဗလီဟောတွင် တစ်ခဲနက်ဂုဏ်ပြု ပူဇော်ခဲ့ကြသည်။ ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက အထက်ဖော်ပြပါ ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်ဘုန်းတော်ဘွဲ့ မင်္ဂလာရတုဖြင့် ရေးသားပူဇော်ဂုဏ်ပြုခဲ့လေသည်။

ဆရာတော်ဦးဥတ္တမ ဤသို့ ချီးကျူးပူဇော်ခံထိုက်အောင်ပင် ကျွန်ဘဝမှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေးတို့တွင် အမျိုးသားများ တက်ကြွလာစေရန် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ ဘဝနိဒါန်းပိုင်းသည် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် တစ်ခဲနက်ဖြစ်အောင် အောင်မြင်ကျော်ကြားခဲ့သော်လည်း ဆရာတော်၏ ဘဝနိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။
တနည်းဆိုရလျှင် နိုင်ငံရေးခေါင်းဆောင် ဗိသုကာတစ်ဦး၏ဘဝကို နိုင်ငံရေးကပင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ပေသည်။

ဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟောစင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။ သူပြောသမျှစကား၊ သူဟောသမျှ ရဲရဲတောက်တရားများသည် လွတ်လပ်ရေးမွတ်သိပ်နေသူ ပြည်သူများအဖို့ အားဆေးတစ်ခွက် ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့နေကြရရာမှ ရင်ကော့ခေါင်းမော့လာနိုင်ကြသည်။

" ဆာဂျီနယ် ကရက်ဒေါက် …. သင် ဗမာပြည်က ထွက်သွားလိုက်ပါ " ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ်ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေးသားပေးပို့လိုက်သည့်အခါ အမျိုးချစ်သူများက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ခဲ့ကြသည်။ ဆရာတော်အား ဆူးကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟောပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ်အပြစ်ပေးလိုက်သည့်အခါ ပုသိမ်မှစ၍ တစ်နိုင်ငံလုံး သံဃသမဂ္ဂီများ၊ ကုမ္မာရီအသင်းများမှာ အုံကြွပေါ်ပေါက်လာ၍ တစ်နိုင်ငံလုံး စည်းလုံးမိသွားကြသည်။ ဆရာတော် ဦးဥတ္တမသည် ပြည်သူများ၏ လေးစားကြည်ညို၍ ပြည်သူများနှင့် တစ်သွေးတစ်သားတည်းဖြစ်သည်။ အစိုးရအကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃ နှစ် ရုံးတွင် အပြစ်ပေးခံခဲ့ရသည့်အခါ ဖိုက်စကွဲယားပန်းခြံ (ဗန္ဓုလပန်းခြံ)တွင် သွေးမြေကျ လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းမှအစပြု၍ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ လွှမ်းမိုးပြန့်ပွားသွားကြပြန်သည်။

ဆရာတော်၏ ဘဝနိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင်။

ဆရာတော်၏ ဘဝနိဂုံးပိုင်းက ထိုသို့ မဟုတ်ပြီ။

အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်းသုတ်ခွက်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက်သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုင်ဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်သည်။

သည်တွင် နိုင်ငံရေးပါတီများအဖို့ အနိုင်ရရှိရန် ကြိုးပမ်းရာ၌ ဆရာတော် ဦးဥတ္တမကို ချဉ်းကပ်စည်းရုံးကြသည်။ ထိုအချိန်က ဆရာတော်မှာ ဆီးချိုရောဂါနှင့် အသက်အရွယ်ကြီးရင့်လာ၍ စိတ်ပမ်းကိုယ်နွမ်းဖြစ်နေသဖြင့်လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်များ စည်းလုံးမှုမရှိဘဲ ရာထူးအာဏာရရှိရေးကိုသာ ကြိုးပမ်းနေကြသဖြင့်လည်းကောင်း၊ နိုင်ငံရေးလုပ်ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒိယနှင့် ဗမာပြည်အလျဉ်းသင့်သလို နေထိုင်လျက်ရှိနေသည်။

ထိုစဉ် ငါးပွင့်ဆိုင်အဖွဲ့မှ ဆရာတော်အား လှည့်ဖျားစည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေးစိတ်မကုန်သော ဆရာတော်မှ ငါးပွင့်ဆိုင်အတွက် မဲဆွယ်ပေးရန် ရန်ကုန်သို့ ရောက်ရှိခဲ့ပြန်သည်။ နိုင်ငံရေးပါတီအချို့မှ မျိုးချစ်လူငယ်အချို့က ဆရာတော်ထံသွားရောက်၍ မေတ္တရပ်ခံသော်လည်း အရှိန်အဝါကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။

ဆရာတော် ဦးဥတ္တမသည် ငါးပွင့်ဆိုင်အတွက် အနယ်နယ် တရားဟောရာတွင် လေယာဉ်ပျံနှင့်ပင် ခမ်းခမ်းတနားနား ကြွရောက်ဟောပြောရသည်။ ဆရာတော်ကို မမြင်မတွေ့ရသည်မှာ ကာလအတန်ကြာပြီဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရားပွဲမှာ ပရိသတ်တိုးမပေါက်အောင် စည်ကားသည်။ ၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဖေ ခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်အဖွဲ့၊ ဦးချစ်လှိုင်အဖွဲ့၊ ကိုယ်မင်းကိုယ်ချင်း တို့ ဗမာသခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆရာတော်၏ အရှိန်အဝါဖြင့် အခြားနိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင်က အပြတ်အသတ် အမတ် ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဝန်ကြီးရာထူး အဝေမတည့်သောကြောင့် ငါးပွင့်ဆိုင်ခေါင်းဆောင် ဦးဘဖေမှာ အစိုးရမဖွဲ့နိုင်တော့ချေ။ အမတ် ၁၆ နေရာသာ ရရှိသည့် ဒေါက်တာဘမော်က ညွှန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန်ရာထူး ရယူသွားလေသည်။ သည်တွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေးသံဝေဂရစရာ ကြုံရတော့သည်။

နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အဝါဖြင့် ဝန်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါ လူမမာသည်ဘဝဖြင့် ပြုစုသူကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန်လမ်းမများပေါ်တွင် လျှောက်သွားလျက် ရှိသည်။

ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ဖိုသီပတ်သီဝတ်ရုံ၍ လွတ်အိတ်ကြီးတစ်လုံးလွယ်ကာ ထီး၊ ဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်စာများကို တောင်းယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိသည်။

အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။ ဆရာတော် ဦးဥတ္တမသည် ကိုယ်စိတ်နှစ်ပါး ဝေဒနာနှစ်ရပ်စလုံး ခံစားနေရလေသည်။ ဆရာတော်အား ပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု၊ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်တော်များ သမဂ္ဂအသင်း၏ ၄ ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ပြစ်တင်ဝေဖန်ကြသည်။

ရခိုင်ရဟန်းတော်များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယသမဂ္ဂအသင်းတိုက်သို့ သွားရောက်တွေ့ဆုံသည့်အခါ သွားရောက်တွေ့ဆုံသူများကို မတွေ့အခံ ငြင်းဆန်လျက် သတိမကောင်းတော့ပဲ လုပ်ချင်ရာ လုပ်နေလေပြီ။ သည်တွင် သူရိယတိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင်သံဃာတော်များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသကြရသည်။
ကြဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘကလေး၊ မြို့တော်ဝန် ဦးဘဝင်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွားရောက်၍ ဆရာတော်အား အားပေးစကားပြေကြားရာ ဆရာတော်မှာ စကားပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။ သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘကလေး အကူအညီဖြင့်ပင် ကုသိုလ်ခန်းမှ အထူးခန်း ၁၃ ကုတင်နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစပြုလာသည်။ သို့သော် မအူပင်ထောင်ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ခြေထောက်ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြတ်ကုမှသာ အသက်ရှင်နိုင်တော့မည်။

ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာ ဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက်သီတင်းသံေုးနေလသည်။ ဆေးရုံမှ ဆင်းလာကတည်းက ဆရာတော်၏ ဆီးချိုရောဂါမှာ တစ်နေ့တစ်ခြား ပြင်းထန်ဆိုးရွားလျက် သတိမရတစ်ချက် ရတစ်ချက်ဖြင့် ဝေဒနာကို အလူးအလဲ ခံစားနေရလေသည်။ သို့ဖြင့် သူရိယ ဦးဘကလေးနှင့် (+)သံဃာတော်များက ဆရာတော်ဦးဥတ္တမအား ၄၆ လမ်း၊ ကုလားအသင်းတိုက်မှ ပုစွန်တောင် ညောင်တုန်းကျောင်းတိုက် မင်္ဂလာစံကျောင်းသို့ ပင့်ဆောင်ကြသည်။ ဆရာတော်အား ပြုစုရန် ကပ္ပိယများ ငှားရမ်း၍ မြန်မာအနာပေါက် သမားတော်ကြီး ဦးဘိုးရွှေနှင့် ကုသကြပြန်သည်။ သို့သော်လည်း ဆရာတော်၏ ရောဂါဝေဒနာမှာ ကုသ၍ ရတော့မည့်အခြေအနေတွင် မရှိတော့ပေ။

ဤသို့ဖြင့် ဦးဥတ္တမဆရာတော်ကြီးသည် ရောဂါဝေဒနာများကို ပြင်းထန်စွာခံစားရင်း ၁၉၃၉ ခု၊ စက်တင်ဘာ ၉ ရက်၊ စနေနေ့သို့ အဝင် ညဉ့်သန်းခေါင်ကျော် ၁ နာရီ ၃၅ မိနစ်အချိန်၊ သက်တော် ၆၀ ကျော်တွင် ပျံလွန်တော်မူရှာလေသည်။ ဆရာတော်ဦးဥတ္တမသည် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့လျက် ပံျလွန်တော်မူခဲ့ရသော်လည်း ဆရာတော်၏ ဈာပနမှာ စည်ကားသိုက်မြိုက်စွာဖြင့် ပြည်သူများက နောက်ဆုံးဂါရဝပြု သဂြိုဟ်ခဲ့ကြသည်။

၁၉၄၀ ခု၊ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီတွင် ဆရာတော်ရုပ်ကလာပ်ကို ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်မှ ရွှေတိဂုံဘုရားခြေရင်းသို့ ပင့်ဆောင်ကြသည်။ ဆရာတော်ဦးဥတ္တမ၏ အလောင်းတော်ပင့်ရာတွင် ရှေ့ဆုံးမှ သံဃာတော်များ၊ အောင်ဇေယျတု ဦးဘိုးဘကိုယ်တိုင် ရေးဆွဲသော ဦးဥတ္တမပုံတော်ကို လှပစွာပြင်ဆင်ထားသည့် မော်တော်ယာဉ် ၊ ဆရာတော်၏ အလောင်းတော်တင် ကရဝိတ်ဖောင်ပေါ်တွင် ယိမ်းအကများလိုက်ပါလျက် ရန်ကုန်မြို့အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ အမျိုးသမီးများစွာတို့က ကြိုးဖြင့်ဆွဲ၍ သယ်ဆောင်လာကြသည်။

အလောင်းတော် ပင့်ဆောင်ရာတွင် -
(၁) ရခိုင်သံဃာတော်များအဖွဲ့ (၂) သသနဝေပုလ္လရဟန်းပျိုအဖွဲ့(၃) သက်ပန်ဂဠုန် ဂျီစီဘီအေ (၄) မြန်မာတရုတ်ဗုဒ္ဓဘာသာအစည်းအရုံး (၅)တရုတ်မြန်မာသမဂ္ဂအသင်း (၆) တရုတ်လူငယ်များ သမဂ္ဂအသင်း၊ (၇) တရုတ်မြန်မာ ပေါင်းသင်းဆက်ဆံရေးအသင်း၊ (၈) ရန်ကုန်လွတ်လပ်ရေး အမျိုးသမီးအသင်း၊ (၉) ကြည့်မြင်တိုင် အခွန်ထမ်းအသင်း၊ (၁၀) ရန်ကုန်လွတ်လပ်ရေး အမျိုးသားအသင်း၊ (၁၁) ရခိုင်လူငယ်များ၊ (၁၂) ရန်ကုန်မြင်းလှည်းအသင်း၊ (၁၃) ဗိုလ်တထောင်ဘတ်(စ်)ကားအသင်း၊ (၁၄) ပုညကုသလအသင်း၊ (၁၅) ဗဟိုအခွန်ထမ်းအဖွဲ့၊ (၁၆) တာမွေလုံးဆိုင်ရာ အခွန်ထမ်းအဖွဲ့၊ (၁၇) ဟိန္ဒူဘော်လန်တီယအသင်း၊ (၁၈) ကျောက်မြောင်းလက်ရုံးတပ်၊ (၁၉) ကျောက်မြောင်းတို့ဗမာ အစည်းအရုံး၊ (၂၀) ရန်ကုန်မြို့လုံးဆိုင်ရာ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသည့် တို့ဗမာအစည်းအရုံးကြီး၊ (၂၁) သူရိယသတင်းစာတိုက်သားများ၊ မျိုးချစ်ပုဂ္ဂိုလ်များ စသည်ဖြင့် ပါဝင်ပို့ဆောင်ကြသည်။

ဆရာတော်၏ နောက်ဆုံးခရီး အန္တိမ ဈာပနကို ၁၉၀၄၀ ခု၊ မတ်လ ၂၂ ရက်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံခြေတော်ရင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့်ပင် သဂြိုဟ်ခဲ့ကြလေသည်။

ကျော်မြင့်လွင်

(ကိုလိုနီခေတ်ဦး ပထမစာမျက်နှာ မျိုးချစ်အာဇာနည်(သို့မဟုတ်) မျဉ်းဖြောင့်ပေါ်မှာ အာရှကြယ်နီ စာအုပ်မှ ကူးယူဖော်ပြသည်။)