မဲဆောက်တွင် မြန်မာများနေထိုင်သည့် တိုက်တန်းကို ထိုင်းရဲဝင်စီး၊ ဒရုန်းများနှင့် ကျည်ဆန်များအပါအဝင် စစ်အသုံးအဆောင်များ ဖမ်းမိဟုဆို

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မြန်မာများနေထိုင်နေသည့် တိုက်တန်းကို ထိုင်းအာဏာပိုင်များက မတ်လ ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တရားမဝင်နေထိုင်သူ ၈၃ ဦးကို ဖမ်းဆီးသွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 23 Mar 2023

ဓာတ်ပုံ - Khaosod English Facebook
ဓာတ်ပုံ - Khaosod English Facebook

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မြန်မာများနေထိုင်နေသည့် တိုက်တန်းကို ထိုင်းအာဏာပိုင်များက မတ်လ ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တရားမဝင်နေထိုင်သူ ၈၃ ဦးကို ဖမ်းဆီးသွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စီးနင်းရာတွင် စစ်သားများ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ဒေသခံအာဏာပိုင်များ ပါဝင်ပြီး လေးထပ်တိုက် အလုံးရေ ၄၀ ခန့်ကို စစ်ဆေးခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြသူများ၊ အထူးသဖြင့် PDF အဖွဲ့ဝင်များ အဆိုပါနေရာ၌ ခိုလှုံနေသည်ဟု သတင်းများရရှိပြီးနောက် ယခုကဲ့သို့ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

စီးနင်းရှာဖွေမှုအတွင်း ကျည်ဆံများ၊ စစ်ဘက်အသုံးအဆောင်များ၊ စစ်ယူနီဖောင်းများ၊ ဒရုန်းများ၊ ကာကွယ်ရေးတပ်ဖွဲ့အချို့၏ တပ်အမှတ်တံဆိပ်များ၊ ဆေးဝါးပစ္စည်းများ တွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြသည်။ 

အဆိုပါ အဆောက်အုံများ၌ ကလေးငယ်များအပါအဝင် အရွယ်စုံ မြန်မာအယေက် ၂၀၀ ကျော် နေထိုင်နေသည်ကို တွေ့ရပြီး အများစုမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

အဆိုပါတိုက်တန်းသည် လူမနေထိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက်ပိုင်းမှ ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူအချို့နှင့် မြန်မာနိုင်ငံသားအချို့က အဆိုပါတိုက်ခန်းများကို ငှားရမ်းထားပြီး ၎င်းဝင်းအတွင်း လုံခြုံရေးအစောင့်များလည်း ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါမြန်မာနိုင်ငံသားများသည် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများ ရရှိထားကြကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။

တရားမဝင်နေထိုင်သူ ၈၃ ဦးကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ရန် ခေါ်ဆောင်သွားသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ