ကျင်ဒွေးမြို့ကို AA အကူအညီဖြင့် ချင်းတပ်ဖွဲ့များ သိမ်းပိုက်

AA အကူအညီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့အား ဧပြီလ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့များက ယနေ့ထုတ်ပြန်သည်။

By Admin 01 May 2024

ကျင်ဒွေးရဲစခန်းရှေ့တွင် တွေ့ရသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Zalen) 
ကျင်ဒွေးရဲစခန်းရှေ့တွင် တွေ့ရသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Zalen) 

DMG ၊ မေ ၁

အာရက္ခတပ်တော်(AA)အကူအညီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့အား ဧပြီလ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့များက ယနေ့ မေ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအား CDF - ကန်ပက်လက်၊ CDF ပူးပေါင်းအဖွဲ့၊ PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ယခုနှစ် မတ် ၇ ရက်မှစတင်၍ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကာ PDF, YDF, GZA, LPDF တပ်ဖွဲ့များပူးပေါင်း၍ AA အကူအညီဖြင့် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေးလကျော် တိုက်ခိုက်ခဲ့ရသည့် ကျင်ဒွေးမြို့စစ်ကောင်စီစခန်းကို ဧပြီ ၂၉ ရက် နံနက် ၉ ကျော်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် စစ်သည်တော်များကို လေးလေးနက်နက် လေးစားအသိအမှတ်ပြုကြောင်း ချင်းညီနောင်အဖွဲ့များက ထုတ်ပြန်ထားသည်။

ကျင်ဒွေးမြို့အား ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အဖွဲ့များတွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တို့ ပါဝင်သည်။

ဗီဒီယိုများ