၂၀၂၃ နောက်ဆုံးလေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၅၀ ကျော်ထိ ပြုလုပ်ခဲ့ 

စစ်ကောင်စီ၏ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်ဟု Justice For Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

By Admin 19 Apr 2024

စစ်ကောင်စီလေတပ် အခမ်းအနားတစ်ခုတွင် တိုက်လေယာဉ်တစ်စီးကို ကြည့်ရှုစမ်းသပ်နေသော စစ်ခေါင်းဆောင်။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီလေတပ် အခမ်းအနားတစ်ခုတွင် တိုက်လေယာဉ်တစ်စီးကို ကြည့်ရှုစမ်းသပ်နေသော စစ်ခေါင်းဆောင်။ (ဓာတ်ပုံ - CINCDS)

DMG ၊ ဧပြီ ၁၉

မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရမယှဉ်နိုင်သော စစ်ကောင်စီသည် လေကြောင်းကိုသာ အဓိကအသုံးပြုလာပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၅၀ ကျော်ထိ ရှိခဲ့ကြောင်း Justice For Myanmar ၏ ၂၀၂၄ ဧပြီ ၁၅ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။ 

စစ်ကောင်စီသည် တစ်ရက်လျှင် ၆ ကြိမ်နှုန်းဖြင့် တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

နိုင်ငံအနှံ့တွင် စစ်ရှိန်မြင့်တက်နေသော ယခုနှစ်တွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ နေ့စဉ်ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း တရိပ်ရိပ်တိုးလာနေသည်။

“စစ်ကောင်စီက သူတို့ရဲ့အားသာချက် လေကြောင်းကိုအသုံးပြုပြီးတော့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပြီး ရှုံးမဲမဲနေတာ” ဟု ရခိုင်ပြည်၊ ကျောက်တော်မြို့မှ ဒေသခံတစ်ဦး ကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်က ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် အရပ်သား ၂၂ ဦး၊ မတ်လ ၂၁ ရက်က မြောက်ဦးမြို့နယ်တွင် အရပ်သား ၅ ဦး သေဆုံးခဲ့ရသည့် အပြင် ဖေဖော်ဝါရီလတွင်လည်း ရမ်းဗြဲမြို့ရှိ ဆေးရုံအပါအဝင် အရပ်သားနေအိမ် အားလုံးနီးပါး ပျက်စီးခဲ့ကြောင်း Justice For Myanmar က ဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန်အတွက် အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ 

အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းများ၊ လေယာဉ်ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ နည်းပညာ၊ အဆင့်မြင့် စစ်လက်နက်ပစ္စည်းများနှင့် လောင်စာဆီများ ရောင်းချပေးခြင်း၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းများ ပို့ချပေးနေကြောင်း Justice For Myanmar က ဆိုသည်။

ရခိုင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက “အိန္ဒိယအနေနဲ့ သူတို့အကျိုးအမြတ်အတွက် စစ်ကောင်စီကို လေယာဉ်ဆီတွေ၊ စစ်လက်နက်တွေ ရောင်းချပေးနေတာက မဖြစ်သင့်တဲ့လုပ်ရပ်ပဲ၊ သူတို့ရောင်းချပေးတာက ဒီကအရပ်သားတွေကို သွားသတ်ခိုင်းနေတာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီလုပ်ရပ်အပေါ် အိန္ဒိယဘက်က သုံးသပ်သင့်ပြီ ” ဟု ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲများတွင် အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့် ကျူးလွန်လာနေကြောင်း ကုလသမ္ဂ လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြီးခဲ့သောလအတွင်းက သတိပေးထားသည်။

ထို့ကြောင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများရှိနေသော မြန်မာနိုင်ငံသို့ လောင်စာဆီအပါအဝင် တရားမဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ရောင်းချမှုကို မပြုလုပ်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။ 

ဗီဒီယိုများ