ခေါင်းဆောင်အချို့ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး လူတချို့ကို စစ်ဆေးနေကြောင်း ALP ပြော

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဌ အပါအဝင် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူတချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း ALP တာဝန်ရှိသူက DMG ကို ပြောသည်။

By Admin 05 Jul 2023

၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော ALP ပါတီ၏ ရဲဘော်သစ် သင်တန်းဆင်းပွဲကို တွေ့ရစဉ်
၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော ALP ပါတီ၏ ရဲဘော်သစ် သင်တန်းဆင်းပွဲကို တွေ့ရစဉ်

DMG ၊ ဇူလိုင် ၅

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဌ အပါအဝင် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လူတချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း ALP တာဝန်ရှိသူက DMG ကို ပြောသည်။

“တချို့ကိစ္စတွေက လုံခြုံရေးအရ ကျနော်တို့ ပြောလို့မရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခေါ်ယူမေးမြန်းမှုတွေတော့ ရှိနေပါတယ်။ အဲဒီလို ခေါ်ယူစစ်ဆေးခံရတဲ့ မိသားစုတွေကို အကြောင်းကြားတာရှိတယ်”ဟု ALP အတွင်းရေးမှူးရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။

လတ်တလောမှာ စစ်ဆေးနေသူအရေအတွက်နှင့် မည်သည့်ပုံစံဖြင့် စစ်ဆေးနေကြောင်းကို ထုတ်မပြောနိုင်သေးကြောင်း ဗိုလ်မှူး ခိုင်သူရိန်က ဆက်ပြောသည်။

DMG ၏ စုံစမ်းချက်အရ ဇူလိုင် ၃ ရက် ညနေ ၅ နာရီခန့်က စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ရွှေပြည်သစ် ကားဝပ်ရှော့မှ အသက် ၃၃ နှစ်အရွယ် ကိုကျော်နိုင်ဦးကို ALP က ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကားရှော့ဘားလုပ်မယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်လို့ခေါ်တာပါ။ ခဏနေတော့ ကားဝပ်ရှော့ကို ရောက်လာပါတယ်။ ပြီးတော့ သူ့(ကိုကျော်နိုင်ဦး)ကို ခဏလောက် လိုက်ကြည့်ပေးဆိုပြီး ခေါ်သွားပါတယ်။ ပထမတော့ ကားစမ်းဖို့ခေါ်သွားတာထင်ပြီး စောင့်တယ်။ ဒါပေမယ့် မှောင်တဲ့အထိ ရောက်မလာဘူး။ အခုလည်း ကျနော်တို့ ရှာနေတာ မတွေ့သေးပါဘူး”ဟု သူက ပြောသည်။

ကိုကျော်နိုင်ဦးသည် ကားဝပ်ရှော့လုပ်ကာ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ၁ နှစ်အရွယ် သမီးလေးတစ်ဦးရှိသဖြင့် အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ဖခင်ဖြစ်သူ ဦးမောင်ချေက “ဖမ်းသွားကတည်းက မိသားစုကို အကြောင်းကြားလာတာ မရှိဘူး။ သားက မိသားစုကို လုပ်ကျွေးပြုစုနေတာဆိုတော့ သူရဲ့လုံခြုံရေးအခြေအနေကို စိုးရိမ်မှုရှိတယ်။ ကျနော်တို့က သူဘယ်နေရာမှာ ရှိနေလဲ၊ ဘာအကြောင်းနဲ့ ဖမ်းသွားလဲ သိချင်ပါတယ်။ ကိုယ့်သားကို တွေ့ရမြင်ရပြီး အိမ်ကိုရောက်ရင် ကျေနပ်ပါပြီ”ဟု DMG ကို ပြောသည်။

ALP အနေဖြင့် ခေါ်ယူစစ်ဆေးနေသူများကို နှိပ်စက်ညှင်းပန်းရိုက်နှက်ခြင်းများ မရှိသောကြောင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ALP အတွင်းရေးမှူးရုံးပြောခွင့်ရသူ ဗိုလ်မှူး ခိုင်သူရိန်က ဖြေရှင်းချက်ပေးသည်။

“ခေါ်ယူစစ်ဆေးခံရတဲ့သူ အားလုံးရဲ့ မိသားစုဝင်တွေကို ကျနော်တို့ ပြောချင်တာက ဘာမှစိတ်မပူပါနဲ့။ ခေါ်ယူမေးမြန်းတဲ့ သူတွေအပေါ်မှာ ကျနော်တို့ နိုင်ထက်စီးနင်း ရိုက်နှက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း လုံးဝ မရှိစေရပါဘူး။ တကယ်လို့ သူတို့သာ ပြစ်မှုကျူးလွန်မှု ရှိနေမယ်၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှု ရှိနေမယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေကို လွှဲပြောင်းပြီး ဆက်လက်ဆောင်ရွက်မှာပါ။ ကျနော်တို့ လက်ထဲမှာတော့ သူတို့ကို မှဲ့တစ်ပေါက် မစွန်းစေရပါဘူး”ဟု ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။

ဇူလိုင် ၁ ရက်နေ့က ALP ဒုတိယဥက္ကဌ ခိုင်နီရောင်၊ ALP/ALA (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင် တို့ကို မင်းဂံရပ်ကွက် စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် ULA/AA က ချောင်းမြောင်း ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း ALP က ထုတ်ပြန်သည်။

ALP ၏ ထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိဘဲ စွပ်စွဲနေခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့် လုံးဝပတ်သက်မှု မရှိကြောင်း ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားထားသည်။

လက်ရှိမှာ အခင်းဖြစ်ပွားခဲ့ရာ မင်းဂံရပ်ကွက်အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ညအချိန်များတွင်လည်း စစ်ကားများဖြင့် ကင်းလှည့်မှုများရှိနေကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

#I001 #I003 

ဗီဒီယိုများ