ဘူးသီးတောင်မြို့တွင် စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ ပူးပေါင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ  

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း မွတ်ဆလင်များ ပူးပေါင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

By Admin 18 Apr 2024

ဧပြီ ၁၅ ရက်က မီးရှို့ဖျက်ဆီးခံရသည့် MSF အဖွဲ့ ရုံးခန်းနှင့် ဆေးပေးခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MSF  
ဧပြီ ၁၅ ရက်က မီးရှို့ဖျက်ဆီးခံရသည့် MSF အဖွဲ့ ရုံးခန်းနှင့် ဆေးပေးခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MSF  

DMG ၊ ဧပြီ ၁၈ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း မွတ်ဆလင်များ ပူးပေါင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။  

ဧပြီ ၁၁ ရက်မှစ၍ ယင်းသို့လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဖျက်ဆီးခံရသည့်နေအိမ် ရာနှင့်ချီရှိလာကြောင်း မြို့ခံများက ပြောကြသည်။ 

“တစ်ရပ်ကွက်ပြီးရင် နောက်တစ်ရပ်ကွက် အအုံလိုက် မီးရှို့နေကြတာပါ။ မီးရှို့မရတဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ဖျက်ဆီးတယ်။ နေအိမ်တွေကတော့ တော်တော်လေးပျက်စီးနေပါပြီ။ နေအိမ်တွေ၊ ဆေးပေးခန်းတွေလည်း ရာချီ ဖျက်ဆီးခံထားရပါတယ်။ မွတ်ဆလင်တွေကို စစ်ကောင်စီက ဘယ်လိုသိမ်းသွင်းထားလဲ မသိဘူး” ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောသည်။  

ဧပြီလ ၁၅ ရက်က ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်း မီးရှို့ခံခဲ့ရသဖြင့် ဆေးဖက်ဆိုင်ရာနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်သွားသည့်အပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း MSF မှ ထုတ်ပြန်ထားသည်။ 

“MSF ရုံး မီးလောင်ပျက်စီးခဲ့တာဟာ ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းတွေ နည်းပါးလာတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ရယူနိုင်ခွင့်ကို ငြင်းဆိုခံထားရတဲ့ လူထုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုလည်း ဖြစ်တယ်” ဟု MSF  က ဆိုထားသည်။ 

MSF သည် ရခိုင်ဒေသအတွင်းရှိ ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးရှောင်များကို အခမဲ့ ဆေးဝါးကုသပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ဘူးသီးတောင်မြို့ပေါ်ရှိ MSF ရုံးခန်းနှင့် ဆေးပေးခန်းအပါအဝင် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးသွားခြင်းမှာ စစ်ကောင်စီဖွဲ့ဝင်များနှင့် စစ်မှုထမ်းသင်တန်းပေးခံထားရသည့် မွတ်ဆလင်များ၏ လက်ချက်ကြောင့်ဖြစ်သည်ဟု မြို့ခံများက ပြောဆိုကြသည်။ 

ဘူးသီးတောင်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမတို့နေအိမ်လည်း ပါသွားပါပြီ။ စစ်သားနဲ့ မွတ်ဆလင်တွေ ပူးပေါင်းပြီး မီးရှို့သွားတာပါ။ အမှတ် ၁ ကနေ အမှတ် ၅ ရပ်ကွက်တွေမှာရှိတဲ့ ကျမသူငယ်ချင်းနေအိမ်တွေလည်း မီးလောင်သွားပါပြီ” ဟု ပြောသည်။ 

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့ပေါ်နေ ပြည်သူအများအပြားမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

ဘူးသီးတောင်မြို့ရှိ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဂို‌ဒေါင်ရှိ စားနပ်ရိက္ခာများကိုလည်း ဖောက်ထွင်းဖျက်ဆီးခြင်း၊ လူမနေသည့်နေအိမ်များမှ အိမ်အသုံးအဆောင်များကိုလည်း ခိုးဆိုးလုယက်မှုများ ရှိနေကြောင်း သိရသည်။ 

“မြို့ထဲသွားပြီး ကိုယ့်အိမ်ကို ရံဖန်ရံခါ သွားကြည့်သူတွေရှိတယ်။ သူတို့ပြောတာက နေအိမ်တွေ အဖောက်ခံထားရတယ်။ စစ်ကောင်စီနဲ့ မွတ်ဆလင်တွေက  ကားကြီးတွေနဲ့လာပြီး အိမ်ထဲက ပစ္စည်းတွေကို  ပြောင်းနေတာကို တွေ့ရတယ်လို့ ပြောတယ်” ဟု ဘူးသီးတောင်ဒေသခံ လူမှုရေးသမားတစ်ဦးက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

စစ်ရှုံးစစ်ကောင်စီသည် မွတ်ဆလင်စစ်သွေးကြွတချို့ကို လက်နက်တပ်ဆင်ပေးကာ ဘူးသီးတောင်မြို့တွင်းနှင့် အနီးတဝိုက်၌ တပ်ဖြန့်ချထားပြီး ဒေသတွင်းမတည်ငြိမ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ပုံစံအမျိုးမျိုးဖြင့် ဖန်တီးနေသည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။ 

ဗီဒီယိုများ