ရခိုင်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း နေအိမ် ၆၀ ကျော် ပျက်စီး

ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ၍ ဒေသခံများမှာ ပျက်စီးသွားသောနေအိမ်များကို ပြန်ဆောက်ရန် အခက်အခဲရှိနေကြသည်။ 

By Admin 08 Apr 2024

ဧပြီ ၂ ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ကမ်းထောင်းကြီးမြို့မှ နေအိမ်။ ဓာတ်ပုံ - APM
ဧပြီ ၂ ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ကမ်းထောင်းကြီးမြို့မှ နေအိမ်။ ဓာတ်ပုံ - APM

DMG ၊ ဧပြီ ၈ 

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ဧပြီလ ၁ ရက်မှ ၇ ရက်အထိ နေအိမ်အဆောက်အအုံ ၆၀ ကျော် ပျက်စီးသွားခဲ့သည်။ 

DMG က စာရင်းပြုစုချက်အရ အမ်းမြို့နယ်တွင် နေအိမ် ၄၀ ကျော်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ၄ လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ဘူးသီးတောင်မြို့နယ်တွင် နေအိမ် ၁၀ ကျော်နှင့် မင်းပြားမြို့နယ်တွင် နေအိမ် ၁၀ ကျော် ပျက်စီးဆုံးရှုံးသွားသည်။ 

အမ်းမြို့နယ်မှ ဒေသခံတစ်ဦးက “ဂျက်လေယာဉ်နဲ့ လာပစ်တယ်ဆိုကတည်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပစ်တာလို့ မြင်တယ်။ တစ်ခါလာပစ်ရင် ကျေးရွာသုံးလေးရွာထိ ပစ်သွားတယ်။ ဘယ်လိုဗုံးသီးမျိုးလည်းမသိဘူး။ အရမ်းကြောက်စရာကောင်းတယ်” ဟု ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များထဲတွင် အုတ်၊ သွပ်မိုးပျဉ်ထောင်၊ ဓနိမိုး စသည်ဖြင့် နေအိမ်မျိုးမျိုးပါဝင်သည်။ 

ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ၍ ဒေသခံများမှာ ပျက်စီးသွားသောနေအိမ်များကို ပြန်ဆောက်ရန် အခက်အခဲရှိနေကြသည်။ 

“ဝမ်းစာစပါးရော နေအိမ်ပါ အကုန်လုံးမီးလောင်သွားတယ်။ အခုလို ကုန်ဈေးနှုန်းတွေနဲ့ဆို နောက် ၁၀ နှစ်လောက် နေရင်လည်း နေအိမ်ပြန်ဆောက်နိုင်တော့မှာ မဟုတ်ဘူး။ မိသားစုဘဝရပ်တည်ဖို့ အများကြီး ခက်ခဲသွားပါပြီ” ဟု မင်းပြားမြို့နယ်၊ မြစ်နားကျေးရွာမှ နေအိမ်ပျက်စီးသွားသူတစ်ဦးက ပြောသည်။ 

ရက္ခိုင့်တပ်တော်(AA)ထံ မြို့နယ် ၉ ခုနှင့် တပ်စခန်းရာနှင့်ချီ လက်လွတ်ဆုံးရှုံးထားရသော စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်နေခြင်း ဖြစ်သည်။ 

“စစ်ကောင်စီကတော့ အရပ်သားဆိုပြီးတော့ ခွဲခြားနေမှာမဟုတ်ဘူး။ သူတို့လုပ်ချင်သလိုလုပ်မှာ။ စစ်ရေးအရ ရှုံးနိမ့်လာရင် အငြိုးအတေးတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားမယ်။ ဒီထက်ပိုပြီးတော့ ဆိုးဆိုးရွားရွားလုပ်အုံးမယ်။ ဒီအခြေအနေမှာ ပြည်သူတွေ လုံခြုံရေးဂရုစိုက်နေထိုင်ဖို့လိုတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှာ လေးလကျော်ထိကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိသည်။

ဗီဒီယိုများ