ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် ဆင်မုဆိုးရန်ကိုကာကွယ်ရန် ကင်းလှည့်သွားမည်

ရခိုင်ပြည်နယ်၏တစ်ခုတည်းသော ဆင်ဘေးမဲ့တောဖြစ်သည့် ရခိုင်ရိုးမဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများကို ဆင်မုဆိုးများရန်မှကာကွယ်ရန်အတွက် ဘေးမဲ့တောအနီးတစ်ဝိုက်ရှိ ကျေးရွာ များမှဒေသခံများနှင့်ပူးပေါင်းကာ ကင်းလှည့်သွားမည်ဖြစ်ကြောင်း ဆင်နှင့်လူပဋိပက္ခလျှော့ချရေးစီမံကိန်းတာဝန်ခံ ဦးအောင်မျိုးနိုင်ကပြောသည်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၏တစ်ခုတည်းသော ဆင်ဘေးမဲ့တောဖြစ်သည့် ရခိုင်ရိုးမဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများကို ဆင်မုဆိုးများရန်မှကာကွယ်ရန်အတွက် ဘေးမဲ့တောအနီးတစ်ဝိုက်ရှိ ကျေးရွာ များမှဒေသခံများနှင့်ပူးပေါင်းကာ ကင်းလှည့်သွားမည်ဖြစ်ကြောင်း ဆင်နှင့်လူပဋိပက္ခလျှော့ချရေးစီမံကိန်းတာဝန်ခံ ဦးအောင်မျိုးနိုင်ကပြောသည်။

ယခင်က အဆိုပါနေရာတစ်ဝိုက်ကို ကင်းလှည့်ခြင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွဲဖက်လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတော့ကြောင်း ၎င်းကဆိုသည်။

“လက်ရှိရခိုင်ရိုးမဆင်ဘေးမဲ့တောမှာ ကင်းလှည့်တဲ့လုပ်ငန်းတွေက အရင်တုန်းကထက်စာရင် အများကြီးအားလျော့သွားတယ်။ဒီတော့ ဆင်မုဆိုးတွေရဲ့ အတင့်ရဲမှုတွေပိုများလာနေတယ်လို့ ကျွန်တော်တို့သိရတယ်။ နောက်ပွင့်လင်းရာသီကျရင် ဆင်မုဆိုးတွေက ပိုဝင်လာနိုင်တဲ့အတွက် ဒေသခံတွေနဲ့ပေါင်းပြီး ပုံမှန်ကင်းလှည့်တာတွေလုပ်သွားဖို့စီစဉ်ထားပါတယ်”ဟု ဦးအောင်မျိုးနိုင်ကဆိုသည်။

ယင်းသို့လုပ်ဆောင်ရာတွင် ဌာနဆိုင်ရာများနှင့်မပူးပေါင်းဘဲ ဒေသခံများနှင့်သာ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ ဆင်မုဆိုးလှုှပ်ရှားမှုများတွေ့ရှိပါက သက်ဆိုင်ရာများကို အသိပေးတိုင်ကြားခြင်းများသာ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာရွာတွေမှာ ကင်းလှည့်တာနဲ့ပတ်သက်ပြီး အရင်တုန်းက သင်တန်းတက်ဖူးတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေရှိတယ်။ သူတို့ရဲ့အားနဲ့ စနစ်တကျကင်းလှည့်မှာပါ”ဟု ဦးအောင်မျိုးနိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်ရိုးမဆင်ဘေးမဲ့တောအတွင်း၌ တစ်ဖွဲ့လျှင် လူလေးဦးပါဝင်သည့် ကင်းအဖွဲ့သုံးဖွဲ့ဖြင့် ကင်းလှည့်စောင့်ရှောက်မှုများလုပ်ဆောင်နေပြီး ဒေသခံတချို့ကလည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ရခိုင်ရိုးမဆင်ဘေးမဲ့တော့ အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်ဦးကပြောသည်။

“လက်ရှိမှာတော့ ဆင်မုဆိုးတွေရဲ့ လက္ခဏာတွေတော့ သိပ်မတွေ့ရသေးဘူး။ အခုအချိန်က မိုးရာသီဆိုတော့ ဆင်မုဆိုးတွေမလာကြဘူးနဲ့တူပါတယ်။ လောလောဆယ်တော့ ဝက်ကိုင်းထောင်တာတွေလောက်ပဲတွေ့ရတာရှိတယ်လို့ ကင်းလှည့်အဖွဲ့တွေဆီကသိရပါတယ်”ဟု ၎င်းကဆိုသည်။

များမကြာမီကာလအတွင်းတွင် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပွင့်လင်းရာသီတွင် တောဆင်ရိုင်းများကို ဆင်မုဆိုးရန်မှကာကွယ်ရန်အတွက် သစ်တောဦးစီးဌာနနှင့်ပူးပေါင်းကာ ကင်းလှည့်ခြင်းကိုပြုလုပ်သွားမည်ဟု ဦးဆန်းလွင်ဦးကပြောသည်။

“ဆင်မုဆိုးတွေက ရခိုင်ရိုးမအဆုံးက ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့အပိုင်းဘက်ကလည်းဝင်တတ်တယ်။ နောက်ပြီးတော့ သူတို့ဝင်တက်တဲ့နေရာတွေလည်းရှိနေတော့ သူတို့ဝင်နိုင်တဲ့ဘက်တွေကို သစ်တောဦးစီးဌာနကလူတွေနဲ့ပါပူးပေါင်းပြီး Mobile စစ်ကြောင်းပုံစံမျိုးနဲ့ ထိန်းသိမ်းရေးကို ကြပ်ကြပ်မတ်မတ်လုပ်သွားဖို့လည်းရှိတယ်”ဟု ၎င်းကဆိုသည်။

ယခင်က တောဆင်ရိုင်းများကို အစွယ်ရယူရန်အတွက် အဓိကထား အမဲလိုက်ခဲ့ကြသော်လည်း လက်ရှိကာလတွင် ဆင်အစွယ်သာမက ဆင်အရေခွံများကိုပါ ရောင်းဝယ်မှုများရှိလာသည့်အတွက် တောဆင်ရိုင်းများမှာ ပိုမိုအမဲလိုက်ခံလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် RCA ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ဆိုသည်။

“အရင်တုန်းကတော့ အစွယ်ရဖို့တစ်ခုတည်းအတွက် ဆင်တွေကိုသတ်ခဲ့ကြတယ်။ အခုနောက်ပိုင်းကျတော့ အစွယ်တင်မကတော့ဘူး။ အရေပြားရော၊ အသားရော ကုန်ကုန်ပြောရရင် တစ်ကိုယ်လုံးကို ရောင်းလို့ရတဲ့အတွက် ပိုဆိုးလာကြတယ်။ ဒီလိုရောင်းဝယ်တာတွေကိုထိန်းနိုင်မှ ဒီတောဆင်ရိုင်းတွေရဲ့အသက်ကို ကာကွယ်နိုင်လိမ့်မယ်”ဟု သူကပြောသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောသည် ရခိုင်ရိုးမတောင်တန်း၏ တောင်ဘက်အစွန်းပိုင်းတွင်တည်ရှိပြီး သံတွဲနှင့် ဂွမြို့နယ်အတွင်းတွင်ပါဝင်ကာ ၁၇၅၅ ဒသမ ၇၀ စတုရန်းကီလိုမီတာကျယ်ဝန်းကြောင်းနှင့် တောဆင်ရိုင်းကောင်ရေပေါင်း ၁၀၀ ကျော်အထိ နေထိုင်ကျက်စားနေကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် ၇၀ ခန့်က မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ ၉၀၀၀ ခန့်နေထိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အကောင်ရေ ၂၀၀၀ ပင်မပြည့်တော့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းဖြင့် အသတ်ခံရမှုများရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF–Myanmar)မှ သိရသည်။

တောဆင်ရိုင်းများမှာ မြန်မာနိုင်ငံတွင် တဖြည်းဖြည်းရှားပါးလာနေပြီး အချိန်မီထိန်းသိမ်းမှုမလုပ်ဆောင်နိုင်ပါက နောင်နှစ်ပေါင်း ၅၀ ခန့်တွင် တစ်နိုင်ငံလုံးရှိဆင်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။

ဗီဒီယိုများ