မင်းပြားမြို့တွင် စစ်ကောင်စီတပ်က လက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်

လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်းတွင် ကျည်ထိမှန်ပြီး သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

By Admin 17 Nov 2023

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေသည် မင်းပြားမြို့၊ ကျိန်းတောင်အောက်ခြေအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေသည် မင်းပြားမြို့၊ ကျိန်းတောင်အောက်ခြေအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) ည ၆ နာရီအချိန်မှစတင်ကာ ကျိန်းတောင် တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြို့တွင်းတွင်လည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်းတွင် ကျည်ထိမှန်ပြီး သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မင်းပြားတော့ လက်နက်ကြီးက ၆ နာရီကျော်လောက်စပြီးတော့ ပစ်တယ်။ ခဏလေးနားတော့ မြို့ထဲကို နောက်ထပ်စစ်သားတွေက ဆဲဆိုပြီးဝင်ပစ်ကြတယ်။ အဘိုးတစ်ယောက်မှာ လည်ပင်းဒဏ်ရာရပြီးတော့ သေသွားတယ်။ သူတို့ ပစ်ခတ်မှာကိုကြောက်တဲ့အတွက် စကားတောင် မပြောနိုင်ဘူး” ဟု ဆိုသည်။

ယနေ့ညနေ ၉ နာရီခွဲအချိန်က မင်းပြားမြို့ရှိ ကမ်းနားလမ်းနှင့် ရုံးတက်လမ်းကို စစ်ကောင်စီတပ်က အဓိကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများလည်းရှိကာ မြို့ပေါ်ရှိ ဒေသခံများမှာလည်း စိုးရိမ်ကြောက်လန့်စွာဖြင့် နေထိုင်နေကြရကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာ ရရှိသူတွေတော့ ကြားရတယ်။ ဘယ်သူတွေ ရကြလည်းဆိုတာတော့ မပြောနိုင်သေးဘူး။ အခုက တစ်မြို့နယ်လုံး ကြောက်ရွံ့ပြီးတော့ တိမ်းရှောင်နေရတယ်။ စစ်သားတွေက မြို့ထဲကလူတွေကို ‘မင်းတို့တွေ (AA)ကို ထောက်ခံကြ’ ဆိုပြီး အငြိုးနဲ့ပစ်ခဲ့ကြတာဖြစ်တယ်” ဟု နောက်ထပ် မင်းပြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိ မင်းပြားမြို့အတွင်း စစ်ကောင်စီကပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အရေအတွက်အတိအကျကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#D014 #DMG

ဗီဒီယိုများ