စစ်ကောင်စီ လွတ်ငြိမ်း ရခိုင်မှ ၂၄၇ ဦးပါ

စစ်ကောင်စီလွတ်ငြိမ်းတွင် ရခိုင်မှ ၂၄၇ ဦး ပါဝင်ပြီး ယင်းအထဲတွင် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရခိုင်အမျိုးသမီးကွန်ရက် ဉက္ကဌ ဒေါ်ညိုအေးလည်း ပါဝင်သည်။

By Admin 18 Apr 2024

၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်။
၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်။

DMG ၊ ဧပြီ ၁၈

မြန်မာနှစ်သစ် အထိမ်းအမှတ်အဖြစ် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ စုစုပေါင်း ၃,၃၃၉ ဦးကို စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

စစ်ကောင်စီလွတ်ငြိမ်းတွင် ရခိုင်မှ ၂၄၇ ဦး ပါဝင်ပြီး ယင်းအထဲတွင် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရခိုင်အမျိုးသမီးကွန်ရက် ဉက္ကဌ ဒေါ်ညိုအေးလည်း ပါဝင်သည်။

စစ်တွေမြို့မှ ဒေသခံအမျိုးသားတစ်ဦးက “စစ်တွေအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀ ဦး လွတ်တယ်လို့ သိရတယ်။ အဲဒီအထဲမှာ ဒေါ်ညိုအေးပါတယ်။ ပုဏ္ဏားကျွန်းက AA နဲ့ဆက်စပ်ပြီး ထောင်ချခံထားရတဲ့သူတွေလည်း ပါတယ်လို့ သိရတယ်”ဟု ပြောသည်။

ဒေါ်ညိုအေးမှာ (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဖမ်းဆီးခံရပြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရခဲ့ကာ ယခုနှစ် မတ်လ ၁၈ ရက်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ 

လွတ်မြောက်လာသူများမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းကို ခံနေရသည့် အရပ်သားပြည်သူ အများအပြားရှိပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသည့်သူများလည်း ရှိနေသေးသည်။

ရခိုင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “လွတ်ငြိမ်းနဲ့လွတ်ပေးတဲ့အခါတိုင်း နိုင်ကျဉ်းတွေလွတ်လာတာက နည်းတယ်။ ခိုးဆိုးလုနှိုက်အမှုတွေ၊ တပ်ပြေးအမှုတွေက ပိုများတယ်။  ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ကတည်းက AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ထောင်ချခံထားရတဲ့သူတွေ အခုချိန်မလွတ်တဲ့ သူတွေရှိသေးတယ်”ဟု ပြောသည်။ 

ယမန်နေ့ လွတ်မြောက်လာသူများထဲတွင် ရခိုင်ပြည် ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို DMG က စုံစမ်းနေဆဲဖြစ်သည်။

ဗီဒီယိုများ