လျှပ်စစ်ကား အခွန်ကင်းလွတ်ခွင့် သက်တမ်းတစ်နှစ်တိုးကြောင်း စစ်ကောင်စီကြေညာ

ပြည်ပနိုင်ငံများမှ တင်သွင်းသည့် လျှပ်စစ်ကားများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ကျသင့်မည့်အခွန်နှုန်း ကင်းလွတ်ခွင့်ကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

By Admin 05 May 2023

ဓာတ်ပုံ - China Xinhua News
ဓာတ်ပုံ - China Xinhua News

DMG ၊ မေ ၅

ပြည်ပနိုင်ငံများမှ တင်သွင်းသည့် လျှပ်စစ်ကားများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ကျသင့်မည့်အခွန်နှုန်း ကင်းလွတ်ခွင့်ကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဘက်ထရီလျှပ်စစ်သုံးယာဉ် (BRV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်စာရင်း ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ထားသည့် အကောက်အခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နှစ် နိုဝင်ဘာလက ပထမဆုံးချမှတ်ခဲ့သော BEVs များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းမှာ ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ ယခုတစ်ကြိမ် သတ်မှတ်မှုမှာ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်နေ့အထိ အကျုံးဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ပြီးခဲ့တဲ့နှစ်ကလည်း အခွန်ကင်းလွတ်ခွင့်ရခဲ့တယ်။ လျှပ်စစ်ဓာတ်အားနဲ့မောင်းနှင်မယ့် ကားတွေအတွက် ကောင်းပါတယ်” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်းက ပြောသည်။

သုညရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့်တွင် Completely Built Up (CBU)၊ Completely Knocked Down (CKD)၊ Semi-Knocked Down (SKD) စနစ်တို့ဖြင့် တင်သွင်းလာသော BEV များဖြစ်သည့် ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးယာဉ်၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူနာတင်ယာဉ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ အချူပ်ကားနှင့် နိဗာန်ယာဉ် တို့ ပါဝင်သည်။

ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ၊ အိမ်သုံးတပ်ဆင်မှုပုံစံများ၊ နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ် အပါအဝင် ဆိုလာနှင့်လျှပ်စစ်ပစ္စည်း (၆) မျိုးကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်သည်။

‘မန္တလာမင်း’ခရီးသည်ပို့ဆောင်ရေး တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ ကားတွေ မရောက်သေးဘူး။ နိုင်ငံခြားကမှာထားတယ်။ လျှပ်စစ်ဓာတ်အားသွင်းမယ့် Station (အားသွင်းရုံ)တွေလည်း မရှိသေးတော့ ပြေးဆွဲတဲ့အဆင့်ကို မရောက်သေးလို့ အသေးစိတ်ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနက အငှားယာဉ်တက္ကစီနှင့် ဘတ်(စ်)ကားအပါအဝင် လျှပ်စစ်ယာဉ် EVs အစီးရေ ၃,၀၀၀ ခန့် မြန်မာနိုင်ငံသို့ ကနဦး တင်သွင်းခွင့်ပြုထားသည်။

လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ် ရှေ့ပြေးစီမံကိန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ အကောင်ထည်ဖော်မည်ဖြစ်ပြီး ထိုတစ်နှစ်တာအတွင်း EVs တင်သွင်းခြင်းနှင့် အားသွင်းစခန်းများကို တည်ဆောက်သွားမည်ဖြစ်သည်။

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားသွင်းလျှပ်စစ်ကားများ အသုံးပြုမှုနှင့်ပတ်သတ်၍ နိုင်ငံစီမံကိန်းတစ်ရပ်အနေဖြင့် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ သုံးစွဲမှုနှင့်နှိုင်းယှဉ်ပါက နှစ်စဉ်လိုအပ်ချက်ရှိပြီး အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလျက်ရှိသည်။

#I004

ဗီဒီယိုများ