ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုအဖြစ် စစ်ကောင်စီသတ်မှတ်

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(Authorized Dealer-AD) လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်(Thai Baht)ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။ 

By Admin 16 Aug 2023

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုအဖြစ် စစ်ကောင်စီသတ်မှတ်

DMG ၊ သြဂုတ် ၁၆

ထိုင်းဘတ်ငွေ(Thai Baht)ကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ဆောင်ရွက်သည့် ငွေကြေးအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်သည်။

နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွည်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(Authorized Dealer-AD) လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်(Thai Baht)ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။ 

“ထိုင်းဘတ်ငွေကို နိုင်ငံတကာ ငွေပေးချေမှု ပုံစံပြောင်းလိုက်တာကို ကြိုဆိုပါတယ်။ အရင်က ဒေါ်လာ လဲလှယ်နှုန်းကို ကြည့်ပြီး ကုန်သွယ်ရတာထက်စာရင် လွယ်ကူသွားတယ်။ အခု မြန်မာငွေတန်ဖိုးကျဆင်းနေလို့ ထိုင်း - မြန်မာငွေလဲလှယ်ရေး ငွေစျေးကွက်ကိုပါ အကျိုးသက်ရောက်စေဖို့ မျှော်လင့်ပါတယ်” ဟု မြဝတီမြို့ခံ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။ 

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှု သတ်မှတ်ခြင်းမှာ ဒေါ်လာအစားထိုးရန်နှင့် စင်ကာပူနိုင်ငံဘဏ်များက စစ်ကောင်စီနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုထားမှုကြောင့်ဟု ဗဟိုဘဏ်နှင့် နီးစပ်သူများထံက သိရသည်။

“ဒေါ်လာအစားထိုး နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းဖို့အတွက် ထိုင်းဘတ်ငွေကို သတ်မှတ်လိုက်တာက  စီးပွားရေးပိတ်ဆို့မှုတွေ များလာတာရယ်၊ စင်ကာပူဘက်က နိုင်ငံတွင်းစီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့မှုတွေကြောင့် ထိုင်းဘတ်ကို ရွေးချယ်စရာ နိုင်ငံခြားငွေကြေးတစ်ခုအဖြစ် ခွင့်ပြုလိုက်တာ ဖြစ်တယ်” ဟု ဗဟိုဘဏ်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

လက်ရှိ၌ ထိုင်းဘတ်နှင့် မြန်မာငွေလဲလှယ်ရာတွင် ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်ကာ သြဂုတ်လ ၁၅ ရက် နေ့မှစ၍ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၀၃ ကျပ် ဝန်းကျင်ရှိနေသည်။

လက်ရှိမှာ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော  ထားဝယ် - ထီးခီး နယ်စပ် ကုန်သွယ်ရေးဇုန်၊ မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် တာချီလိတ် - မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေးဇုန်များ၌ ထိုင်းဘတ်ငွေများဖြင့်ပေးချေမှု စတင်ပြုလုပ်လာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နီးစပ်သူများထံက သိရသည်။

“လောလောဆယ် ထားဝယ်-ထီးခီးနဲ့ မောတောင်ဘက်မှာတော့ ထိုင်းငွေနဲ့ ကုန်သွယ်ငွေချေခွင့် စနေပြီ။ တာချီလိတ်- မယ်ဆိုင်မှာတော့ တစ်ပတ်အတွင်း ငွေပေးချေမှု စမယ်လို့သိထားပါတယ်”  ဟု ထားဝယ် - ထီးခီး နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အာဏာသိမ်းမှုကြောင့် စစ်ကောင်စီသည် နိုင်ငံတကာပိတ်ဆို့မှုများ ခံရပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး ယနေ့အချိန်ထိ တရုတ်ယွမ် ဖြင့်လည်းကောင်း၊ အိန္ဒိယရူပီး ဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်တာကာ ဖြင့်လည်းကောင်း အမေရိကန်ဒေါ်လာ အစားထိုးပုံစံဖြင့် နိုင်ငံတကာငွေကြေးပေးချေမှုအတွက် အသုံးပြုနေသည်။

#F004

ဗီဒီယိုများ