ကျောက်ဖြူမြို့သို့ ဈေးလာရောင်းသူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးပြန် 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ ဈေးလာရောင်းသည့် ဂုံးချွိန်ကျေးရွာ၊ အောင်စေတီကျေးရွာ၊ တောင်ရင်းရပ်ကွက်နှင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဈေးသည် ၃၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

By Admin 18 Dec 2023

ကျောက်ဖြူမြို့မဈေးကြီး ဟင်းဈေးတန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။
ကျောက်ဖြူမြို့မဈေးကြီး ဟင်းဈေးတန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။

ဟင်းသီးဟင်းရွက်နှင့်သားငါးပုစွန် ရောင်းချရန်လာသည့် ဒေသခံများကို ကျောက်ဖြူမြို့ဝင် ဂုံးချွိန်ကျေးရွာ ကူးတို့ဆိပ်၊ တောင်ရှည်ကျေးရွာ လှီကျော်ချောင်းနှင့် အောင်စေတီကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၇၊ ၁၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

“စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနေကြတယ်။ ဒါကြောင့် ခြံကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြို့မှာသွားပြီးရောင်းကြတာ၊ အဲဒါကို  ဖမ်းသွားတာပါ” ဟု ဂုံးချွိန်ကျေးရွာမှဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

DMG ရရှိထားသောစာရင်းအရ ဂုံးချွိန်ကျေးရွာမှ ၅ ဦး၊ တောင်ရင်းရပ်ကွက်မှ ၈ ဦး၊ မွတ်ဆလင်ဒုက္ခသည်စခန်းမှ ၁၁ ဦးနှင့် အောင်စေတီကျေးရွာမှ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း ကျောက်ဖြူမြို့သို့ ဈေးလာရောင်းချသည့်  အုန်းတော၊ ဂုံးချွိန်ကျေးရွာနှင့် တောင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၇၀ ကျော်ကို ဒေသန္တရအမိန့် ချိုးဖောက်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ 

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက “နဂိုကတည်းက ဒုက္ခသည်စခန်းမှာ ဆင်းဆင်းရဲရဲ နေထိုင်နေကြရတာ။ အခု လမ်းတွေကိုလည်း ပိတ်ထားတော့ စားဝတ်နေရေးအတွက် ဘယ်လိုမှ အဆင်မပြေကြဘူး။ ဒါကြောင့် တချို့တွေက အရဲစွန့်ပြီးတော့ ဈေးကြီးမှာ ကြက်သွားရောင်းကြတာ” ဟုပြောသည်။ 

ဂုံးချွိန်၊ အောင်စေတီကျေးရွာ၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းတို့မှာ ကျောက်ဖြူမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးပြီး ယခင်က သုံးဘီး၊ ဆိုင်ကယ် စသည့်ယာဉ်များဖြင့် ဈေးသွားရောက် ရောင်းချကြသည်။ သို့သော်လည်း လက်ရှိတွင် မြို့အဝင်လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် မြို့ထဲကို အရဲစွန့်၍ သွားနေကြခြင်းဖြစ်သည်။ 

ဖမ်းဆီးထားသူများကို မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး အမှုဖွင့်အရေးယူရန် ရဲတပ်ဖွဲ့ဝင်များက စီစဉ်နေကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များက ပြောသည်။

“အခုချိန်ထိတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူး။ တရားရုံးထုတ်တဲ့အချိန်မှပဲ တွေ့ခွင့်ရချင်ရမယ်။ အနည်းဆုံး ဒဏ်ငွေပေးရနိုင်တယ်၊ ဒဏ်ငွေမပေးရင် ထောင်ချမယ် ဆိုပြီးတော့လည်း ရဲတွေက ပြောနေကြတယ်” ဟု တောင်ရင်းရပ်ကွက်မှ ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့အဝင် ကုန်းလမ်း ကျောက်တစ်လုံးဂိတ်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်တွင် ပိတ်ဆို့ခဲ့ပြီး မြို့နှင့်ထိစပ်နေသည့် ရေလမ်းကြောင်းများကိုလည်း နိုဝင်ဘာ ၁၉ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းများ ခွင့်မပြုကြောင်း ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

တရုတ်စီမံကိန်းကြီးများတည်ရှိရာ ကျောက်ဖြူမြို့သည် ပင်လယ်ကျွန်းမြို့အလျောက် စားနပ်ရိက္ခာအတွက် ကျေးလက်ဒေသနှင့် အခြားမြို့နယ်များကို မှီခိုနေရသဖြင့် လက်ရှိတွင် မြို့တွင်းရိက္ခာပြတ်လပ်မှုနှင့် ကြုံနေရသည်။

ဗီဒီယိုများ