စစ်ကျန်လက်နက်ပေါက်ကွဲ၍ ၁၁ နှစ်အောက်ကလေးငယ် ၇ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင် ယနေ့ (ဧပြီလ ၁၃ ရက်) နံနက် ၇ နာရီကျော်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

By Admin 13 Apr 2024

စစ်ကျန်လက်နက်ပေါက်ကွဲ၍ ၁၁ နှစ်အောက်ကလေးငယ် ၇ ဦး ဒဏ်ရာရ

DMG ၊ ဧပြီ ၁၃ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင် ယနေ့ (ဧပြီလ ၁၃ ရက်) နံနက် ၇ နာရီကျော်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာမှ မောင်ဝင်းနိုင် (၁၁)နှစ်၊ မောင်ကျော်ဝင်း (၁၀)နှစ်၊ မောင်ဝင်းဌေး (၉)နှစ်၊ မောင်ညဏ်မြင့် (၈)နှစ်၊ မောင်ကောင်းမြတ်စံ (၈)နှစ်နှင့် မောင်အောင်အောင်ဌေး (၄)နှစ်တို့ ဖြစ်ကြသည်။ 

ယင်းအထဲမှ ကလေးငယ် ၄ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရသည်။

မောင်တောဒေသခံ အမျိုးသားတစ်ဦးက  “သူတို့က အုပ်စုလိုက် ဆော့ကစားနေကြတာ။ ရွာပြင်ကနေပြီ ဗုံးသီးတစ်လုံး ကောက်ရတာကို ရွာထဲယူလာပြီး ထုကြည့်ကြတယ်။ အဲဒီမှာ ပေါက်ကွဲသွားပြီး ဒဏ်ရာရသွားကြတာပါ။ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။” ဟု ပြောသည်။ 

တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည့် ကျေးလက်ဒေသမှ ဒေသခံများမှာ စစ်ကျန်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး သိရှိနားလည်မှု အားနည်းသည့်အတွက် သေဆုံး၊ ဒဏ်ရာရရှိသူ များပြားနေရသည်ဟု မောင်တောမှ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။ 

၎င်းက “ကလေးတွေက ဘာမှန်းမသိဘဲ အလုံးတစ်လုံးဆိုပြီး ကောက်လာခဲ့တာပါ။ သူတို့က ဒါဟာ ဗုံးသီးဆိုပြီးတော့လည်း မသိဘူးလေ။ အခုလိုဖြစ်သွားတော့ တော်တော်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ မိုင်းအသိပညာပေးမှုတွေလည်း မရှိတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။ 

ဧပြီလ ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာတွင် စစ်ကျန်လက်နက်ဗုံးသီးတစ်လုံး ပေါက်ကွဲ၍ အမျိုးသား ၁ ဦး သေဆုံးပြီး မိန်ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။ 

လက်ရှိ ရခိုင်စစ်ပွဲကာလအတွင်း မင်းပြား၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့တွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၂၀ ကျော် အထိ ရှိလာနေသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သည့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထိခိုက်သေဆုံးသူ ၃၉၀ ဦးမှ ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ ၁၈၈ ဦးနှင့် ဒဏ်ရာရသူ ၈၆၄ ဦး၊ စုစုပေါင်း ၁,၀၂၅ ဦးအထိရှိကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ- Arakan Princess Media

ပုံစာ - မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင် ၂၀၂၄ ခုနစ် ဧပြီလ ၁၃ ရက်က စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကလေးငယ်များ။

ဗီဒီယိုများ