ရခိုင်တွင် ယခုနှစ်သင်္ကြန်ပွဲကို အကျဉ်းချုံ့ကျင်းပရန် စီစဉ်ထားကြောင်း စစ်ကောင်စီပြော

ရခိုင်ပြည်တွင် ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော စစ်ကောင်စီသည် ယခုနှစ်တွင် သင်္ကြန်ပွဲကို အကျဉ်းချုံ့ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

By Admin 27 Mar 2024

၂၀၂၃ မိုခါမုန်တိုင်းအလွန် ရခိုင်သို့ရောက်ရှိလာသော စစ်ခေါင်းဆောင်(ဝဲ) နှင့်အတူတွေ့ရသော ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း(ယာ)
၂၀၂၃ မိုခါမုန်တိုင်းအလွန် ရခိုင်သို့ရောက်ရှိလာသော စစ်ခေါင်းဆောင်(ဝဲ) နှင့်အတူတွေ့ရသော ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း(ယာ)

ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့တွင် မတ်လ ၂၆ ရက်က ပြုလုပ်သည့် သင်္ကြန်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော်လည်း မဖြစ်မနေဆောင်ရွက်ရမည့် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူပွဲများ၊ ရခိုင်ရိုးရာအစဉ်အလာမပျက် ရေကစားမဏ္ဍပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထိန်လင်းက ပြောကြားခဲ့သည်။ 

စစ်ကောင်စီသည် သင်္ကြန်ပွဲကို ရခိုင်က မြို့နယ်အားလုံးတွင် ကျင်းပရန် စီစဉ်နေခြင်းမဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့ပေါ်များ၌သာ ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

လူမှုရေးလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက “အခုက မြို့နယ် ၈ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီဆိုတော့ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေမှာသာ ကျင်းပနိုင်မယ်။ အဲဒီမြို့တွေက ရခိုင်လူထုတွေကတော့ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲကို ပူးပေါင်းပါဝင်ကြမှာ မဟုတ်ဘူး” ဟု ပြောသည်။
 
လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။ 

ယင်းအပြင် စစ်ကောင်စီက ထိန်းချုပ်ထားဆဲ မြို့များကို သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း AA က ထုတ်ပြန်ထားသည်။ 

စစ်တွေမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “သင်္ကြန်ပွဲကို စစ်ကောင်စီက သူတို့ဟာသူတို့ လုပ်မယ့်ပွဲဖြစ်တယ်။ အခုစစ်တွေမှာ ဒေသခံတွေလည်း သိပ်မရှိတော့ဘူး။ ဘယ်နေ့တိုက်ပွဲဖြစ်လာမလဲ မသိဘူး” ဟု ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲများမှာ လေးလကျော်အထိ ကြာမြင့်လာပြီး စစ်ကောင်စီတပ်စခန်းများကို AA က တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။ 

ဗီဒီယိုများ