ရခိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်း 

ဆောင်းသီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ တောင်သူများမှာ စိုက်ပျိုးဧကကို လျော့စိုက်နေကြခြင်းဖြစ်သည်။ 

By Admin 11 Nov 2023

ရခိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်း 

DMG ၊ နိုဝင်ဘာ ၁၁ 

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် လျော့နည်းနေကြောင်း တောင်သူများထံမှ သိရသည်။ 

လက်ရှိမှာ ဆောင်းသီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ တောင်သူများမှာ စိုက်ပျိုးဧကကို လျော့စိုက်နေကြခြင်းဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားလျှင် စိုက်ပျိုးထားသော သီးနှံများမှာပျက်စီးရှုံးဆုံးမည်ကို စိုးရိမ်၍ မင်းပြားမြို့နယ်တွင် ပြင်ယောင်းကျေးရွာတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုတစ်ဝက်ခန့်လျော့ကျသွားကြောင်းဆိုသည်။  

“ကျနော်တို့ဘက်မှာတော့ စစ်ဖြစ်မယ်၊ တိုက်ပွဲတွေဖြစ်မယ် အသံတွေကြားတော့ ဆောင်းသီးနှံစိုက်တာ တော်တော်လျော့သွားတယ်။ အရင်ကလည်း စိုက်ခင်းတွေ မီးလောင်ပျက်စီးပြီး အကုန်လုံးဆုံးရှုံးသွားတာတွေ ကြုံဖူးလို့ မစိုက်ရဲကြတော့ဘူး” ဟု မင်းပြားမြို့နယ်၊  ပြင်ယောင်းကျေးရွာမှ တောင်သူ ဦးမောင်နှောင်းက ပြောသည်။ 

ဆောင်းသီးနှံအများအပြား စိုက်ပျိုးကြသော မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် ပြီးခဲ့သည့်နှစ်က ဆောင်းသီးနှံစိုက်ပျိုးဧက ၅,၀၀၀ ခန့် စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် စိုက်ဧက ၃,၀၀၀ ခန့်သာရှိကြောင်း သိရသည်။  

ဆောင်းသီးနှံစိုက်ကို စီးပွားဖြစ် စိုက်ပျိုးလိုသော်လည်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လျော့၍ စိုက်ပျိုးထားကြောင်း မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသ၊ လေညှင်းတောင်ကျေးမှ တောင်သူ ဒေါ်လှသန်းနုက ပြောသည်။ 

“တိုက်ပွဲတွေဖြစ်မယ်ကြားတော့ ကျမတို့လည်း အများကြီး မစိုက်ပျိုးရဲဘူး။ စိုက်တာတောင်မှ မြန်မြန်ခူးဆွတ်နိုင်တဲ့ သီးနှံတွေပဲ အဓိကစိုက်ပျိုးထားတယ်။ စစ်ရေးအခြေအနေကလည်း အခုနောက်ပိုင်း ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတော့ ပိုစိုးရိမ်နေရတယ်” ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်အတွင်း အဓိက စိုက်ပျိုးကြသော ဆောင်းသီးနှံများမှာ ခရမ်း၊ ငရုတ်၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ပန်းဂေါ်ဖီထုပ်၊ မုံလာဥ၊ ရုံးပတီသီး စသည်တို့ဖြစ်ပြီး တောင်သူများမှာ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် အခက်တွေ့နေကြသည်။ 

လက်ရှိစိုက်ပျိုးထားသော ဆောင်းသီးနှံများမှာ အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်သော်လည်း မခူးဆွတ်ရသေးခင် တိုက်ပွဲဖြစ်ပွားလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။ 

“နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတော့ ဆောင်းသီးနှံတွေ စိုက်ပျိုးရတာလည်း စိုးရိမ်မှုတွေ ရှိတယ်လေ။ တိုက်ပွဲဖြစ်မလာဖို့ပဲ မျှော်လင့်ပါတယ်” ကျောက်တော်မြို့နယ်၊ မီးရပ်ပြင်ကျေးရွာမှ တောင်သူ ဦးဆန်းစောက ပြောသည်။ 

ရခိုင်ဒေသသည် ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းသော ဒေသတစ်ခုဖြစ်သော်လည်း ဒေသမတည်ငြိမ်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်းလျော့နည်းလာပြီး အခြားဒေသမှ တင်သွင်းသော စားသုံးကုန်များကိုသာ အဓိက အားထားနေရသည်။ 

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ စာရင်းအရ ရခိုင်တပြည်လုံးတွင် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ကျော်ရှိသော်လည်း ၂၀၁၉ ခုနှစ်နောက်ပိုင်း ဆောင်းသီးနှံစိုက်ပျိုးသည့် ဧက ၆၀ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း သိရသည်။

#D008 #DMG

ဗီဒီယိုများ