ရခိုင်တွင် ဈေးကွက်အာမခံချက်မရှိ၍ ကြံစိုက်ပျိုးသူ နည်းလာ

ဈေးကွက် အာမခံချက်မရှိခြင်း၊ ဈေးကောင်း မရခြင်း၊ ဝယ်လိုအား နည်းခြင်းတို့ကြောင့် ကြံစိုက်ပျိုးသူ နည်းပါးလာကာ ကြံစိုက်ပျိုးရေးလုပ်ငန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာနေသည်ဟု ကြံစိုက်ပျိုးသူများက ပြောသည်။

By Admin 20 Oct 2023

 ကျောက်တော်မြို့နယ်က ကြံစိုက်ခင်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
ကျောက်တော်မြို့နယ်က ကြံစိုက်ခင်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်အတွင်း ကြံစိုက်ပျိုးရေးလုပ်ငန်းကို ယခင်က တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ လုပ်ကိုင်သူနည်းပါးလာနေကြောင်း သိရသည်။

ဈေးကွက် အာမခံချက်မရှိခြင်း၊ ဈေးကောင်း မရခြင်း၊ ဝယ်လိုအား နည်းခြင်းတို့ကြောင့် ကြံစိုက်ပျိုးသူ နည်းပါးလာကာ ကြံစိုက်ပျိုးရေးလုပ်ငန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာနေသည်ဟု ကြံစိုက်ပျိုးသူများက ပြောသည်။

“ကျနော်တို့မှာဆို တနိုင်တပိုင်လောက်ပဲ လုပ်တော့တယ်။ အများလုပ်ရင်လည်း ရောင်းမထွက်ဘူး။ ဝယ်မယ့်သူလည်း မရှိဘူး။ ကျနော်တို့ဘက်မှာ ကြံစိုက်သူက တစ်နှစ်ထက်တစ်နှစ် နည်းလာတာပဲရှိတယ်” ဟု အမ်းမြို့နယ်၊ လောင်ပန်းကျကျေးရွာမှ ကြံစိုက်တောင်သူ ဦးနုမောင်ကပြောသည်။

အမ်းမြို့နယ်က ကြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတချို့မှာ ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေတော့သဖြင့် ကြံစိုက်ပျိုးမှုကိုစွန့်လွှတ်ကာ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်ပိုင်း တောဖျားချောင်းဒေသ ဩရမကျေးရွာတွင် ယခင်က ကြံစိုက်ပျိုးရေးလုပ်ငန်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိတွင် ကြံစိုက်ပျိုးသူ ၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ယခုနှစ်တွင် “မိုခါ” မုန်တိုင်းကြောင့်လည်း စိုက်ပျိုးထားသော ကြံခင်းများ ပျက်စီးသွားခဲ့သဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့ရသည်ဟု ဩရမကျေးရွာမှ ကြံစိုက်တောင်သူ ဒေါ်စုစုကပြောသည်။

“ပျက်စီးသွားတဲ့ ကြံခင်းတွေကို ပြန်ပြီးမစိုက်ပျိုးနိုင်တော့ဘူး။ ကုန်ကျစရိတ်က ကြီးမားတာကို။ ကြံစိုက်ပျိုးရတာလဲ အဆင်မပြေတဲ့အတွက် စိုက်သူလည်းနည်းသွားပါပြီ။ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက ဝင်ငွေတစ်ခုရမလားဆိုတဲ့ စဉ်းစားချက်နဲ့စိုက်နေတာ” ဟု ဒေါ်စုစုက ပြောသည်။

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ ကျေးရွာများတွင် ယခင်က ကြံစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ ကြံစိုက်ပျိုးသူ မရှိသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။

ကြံစိုက်ပျိုးသူနည်းပါးလာသည့် အကြောင်းရင်းမှာ ဈေးကွက်မရှိခြင်း၊ ဝယ်ယူစားသုံးသူ နည်းပါးခြင်းအပြင် ကျောက်တော်မြို့နယ်က သကြားစက်ရုံ မလည်ပတ်တော့ခြင်းတို့ကြောင့် သက်ဆိုင်သည်ဟု ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ်က ကြံစိုက်ပျိုးသူ ဦးဇော်ဇော်က “ကြံဈေးကွက်ကို ပြောရမယ်ဆိုရင် ကြံရည်ရောင်းသူတွေ ဝယ်တာလောက်ပဲရှိတယ်။ ဒါကြောင့် ကြံစိုက်သူကနည်းလာတယ်။ အရင်က ကြံစိုက်ပျိုးသူတွေက စစ်ရှောင်နေတာကြောင့်လည်း ကြံစိုက်ပျိုးရေးလုပ်ငန်း လျော့နည်းသွားတယ်” ဟု ပြောသည်။

ကြံစိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်အတွက် ဈေးကွက်အာမခံချက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ကြံစိုက်ပျိုးသူများက ပြောဆိုကြသည်။

ရခိုင်ပြည်သည် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသော်လည်း နည်းပညာအားနည်းခြင်း၊ ဈေးကွက်အာမခံချက် မရှိခြင်းနှင့် လုပ်သားအင်အား နည်းပါးလားခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ တဖြည်းဖြည်းနှင့် အကျဘက်ကို ဦးတည်လာနေသည်။

ဗီဒီယိုများ