- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
ရခိုင်တွင် လူကုန်ကူးခံရမှုကိစ္စ တိုင်ကြားမှုများ မရှိသလောက် အားနည်းနေ
ရခိုင်တွင် ၂၀၂၂ ခုနှစ်အတွင်း လူကုန်ကူးမှုကိုတိုင်ကြားသည့် အမှုတစ်ခုသာရှိခဲ့ပြီး ယင်းအမှုမှာ ရခိုင်မှအမျိုးသမီးတချို့ကို တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု သွေးဆောင်ဖျားယောင်းကာ ခေါ်ဆောင်သွားသည့် အမှုဖြစ်သည်။
10 Jan 2023

စစ်တွေအဝေးပြေးကားဂိတ်အနီးက လူကုန်ကူးမှုတားဆီနှိမ်နင်းရေး အသိပေးဆိုင်းဘုတ်အား တွေ့ရစဉ်။/ ဓာတ်ပုံ - DMG
DMG ၊ ဇန်နဝါရီ ၁၀
ရခိုင်ပြည်အတွင်းက ဒေသနေပြည်သူများမှာ လူကုန်ကူးခံရမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံသို့ တိုင်ကြားမှုမှာ ယနေ့အထိ အားနည်းနေသေးကြောင်း အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ သိရသည်။
ရခိုင်တွင် ၂၀၂၂ ခုနှစ်အတွင်း လူကုန်ကူးမှုကိုတိုင်ကြားသည့် အမှုတစ်ခုသာရှိခဲ့ပြီး ယင်းအမှုမှာ ရခိုင်မှအမျိုးသမီးတချို့ကို တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု သွေးဆောင်ဖျားယောင်းကာ ခေါ်ဆောင်သွားသည့် အမှုဖြစ်ကြောင်း အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ ရဲမှူး မျိုးလွင်က DMG သို့ ပြောသည်။
“အမျိုးသမီးတွေက အမျိုးသားတွေထက် စည်းရုံးရတာ လွယ်တယ်။ ဆိုတော့ အမျိုးသမီးအချင်းအချင်းပဲ နည်းလမ်းမျိုးစုံနဲ့ သွေးဆောင်ဖျားယောင်းပြီးတော့ လူကုန်ကူးခံရတယ်။ ပြည့်တန်ဆာ လုပ်ခိုင်းတာလည်းရှိတယ်။ အလုပ်အတွင်းမှာလည်း ခေါင်းပုံဖြတ်ခံရတာရှိတယ်။ အမျိုးသားတွေလည်း လူကုန်ကူးခံရတာရှိတယ်။ ဒါပေမယ့် နည်းတယ်” ဟု ရဲမှူး မျိုးလွင်က ပြောသည်။
၂၀၂၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု ရဲမှူး မျိုးလွင်က ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ထံသို့ တိုင်ကြားသည့်အမှု ၁ မှုသာ ရှိခဲ့သော်လည်း တခြား အမျိုးသမီးရေးရာလှုပ်ရှားသည့် အဖွဲ့များထံ တိုင်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်အမျိုးသမီးကွန်ရက်ထံ တိုင်ကြားလာသည့် လူကုန်ကူးခံရမှု အမှုပေါင်း ၄ မှု ရှိခဲ့ကြောင်း သိရသည်။
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “တစ်ချို့အမှုတွေက တနည်းနည်းနဲ့ ဖြေရှင်းလို့ ရလိုက်တယ်ဆိုရင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ထံကို မရောက်ဘူး။ အခုနှစ်မှာ တစ်မှုတည်းရှိတယ် ဆိုတာကလည်း သူတို့ဆီကို ရောက်တာလောက်ပဲပေါ့” ဟု ပြောသည်။
ရခိုင်တွင် လူကုန်ကူးမှုအရေအတွက် နည်းပါးနေသည်မှာ လူကုန်ကူးမှုများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ထံ တိုင်ကြားမှုအားနည်းခြင်း ကြောင့်သာဖြစ်ပြီး တိုင်ကြားလာသည့် အမှုများကိုလည်း ထိရောက်စွာအရေးယူမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းအချို့က ထောက်ပြပြောဆိုကြသည်။
“အစိုးရအဖွဲ့ကို တိုင်ကြားမှု အားနည်းတယ်ဆိုတာကလည်း ပြည်သူတွေဟာ ဘယ်သူ့ကို သွားတိုင်ရမယ်မှန်း မသိဘူး။ အစိုးရအဖွဲ့က ဘာတွေလုပ်ပေးလဲ ဆိုတာကို အတိအလင်းမသိရဘူး” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လူကုန်ကူးမှု ၆ မှု၊ ၂၀၁၉ ခုနှစ်တွင် (မရှိခဲ့)၊ ၂၀၂၀ ခုနှစ်က ၁ မှု၊ ၂၀၂၁ ခုနှစ်တွင် (မရှိခဲ့)ဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လူကုန်ကူးမှု ၁ မှုသာ ရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)၏ မှတ်တမ်းများအရ သိရသည်။
ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတို့ကြောင့် ဒေသခံအများအပြားမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။ ထိုသို့သွားရောက်ရာတွင် တရားဝင်လမ်းကြောင်းမှ သွားရောက်မှုများရှိသလို တရားမဝင်လမ်းကြောင်းမှလည်း သွားရောက်မှုများရှိနေပြီး လူကုန်ကူးခံရမှုများကို တရားမဝင်လမ်းကြောင်းမှ သွားရောက်သူများက ပိုမိုကြုံတွေ့ရကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှ အပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
#R010