မွတ်ဆလင် ၂၀ ကျော်အား လူကုန်ကူးခဲ့သည်ဟု ယူဆရသူ ထိုင်းလူမျိုးကို ရဲကဖမ်းဆီး
မွတ်ဆလင် ၂၆ ဦးကို လူကုန်ကူးခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ထရပ်ကားထဲတွင် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးလိုက်ခြင်းဟု သတင်းတွင် ဖော်ပြသည်။
04 Nov 2024
လူကုန်ကူးအဖွဲ့ကို ဦးဆောင်နေသူဟု ယူဆရသည့် ထိုင်းလူမျိုးတစ်ဦးအား နောက်လိုက်နှစ်ဦး နှင့်အတူ ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂ ရက်နေ့က ပြောကြားချက်အရ သိရသည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မွတ်ဆလင် ၂၆ ဦးကို လူကုန်ကူးခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ထရပ်ကားထဲတွင် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးလိုက်ခြင်းဟု သတင်းတွင် ဖော်ပြသည်။
အသက် ၃၀ အရွယ် ဆမ်ကီယာ့ ဆမ်ဖောင်သောင် ဆိုသူကို ချမ်းသာဘူရီခရိုင်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ နောက်ထပ်နှစ်ဦးမှာ အသက် ၂၀ အရွယ် လူငယ်များဖြစ်ပြီး ဘန်ကောက်တွင် ဖမ်းမိခဲ့ခြင်းဟု ထိုင်း ရဲမှူးကြီး ဆာရက်ကွန်ဆိုဖာက ပြောကြားသည်။
ရွှေ့ပြောင်းအခြေချများအား ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ခိုးသွင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ၎င်းတို့သုံးဦးလုံးကို လန်ဆွန်တရားရုံးက ပြီးခဲ့သော အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။
အစောပိုင်းကလည်း ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းလူမျိုးနှစ်ဦးအား မြန်မာနိုင်ငံမှ မွတ်ဆလင် ၂၆ ဦးကို ထိုင်းထဲသို့ ခိုးသွင်းမှုဖြင့် ဖမ်းဆီးခဲ့သည်။ အဆိုပါမွတ်ဆလင်များအား အလုံပိတ် ထရပ်ကားထဲတွင် ဖွက်ကာ မဲဆောက်မြို့မှတစ်ဆင့် ခိုးသွင်းလာခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် မွတ်ဆလင်များထဲမှ အချို့သည် ကားထဲတွင် မွန်းကျပ်ပြီး အသက်ရှူရပ်လုနီးပါး ဖြစ်နေသည်ကို ကြုံခဲ့ရပြီးနောက် ၎င်းတို့နှစ်ဦးသည် ခေါ်ဆောင်လာသူများကို ထားခဲ့ပြီး ထွက်ပြေးသွားကြသည်ဟု ရဲမှူးကြီး ဆာရက်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါမွတ်ဆလင်များသည် မြန်မာနိုင်ငံမှ ခိုးဝင်လာသူများ ဖြစ်ကာ ထိုင်းတောင်ပိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသူများ ဖြစ်သည်။ ၎င်းတို့ကို သယ်ယူပို့ဆောင်ပေးရန်အတွက် တစ်ဦးလျှင် ထိုင်းဘတ် ၃၀၀၀ (အမေရိကန်ဒေါ်လာ ၈၈ ဒေါ်လာ) စီဖြင့် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဆမ်ကီယာ့က ဖြေကြားသော်လည်း ၎င်းတို့၏ ဘဏ်အကောင့်များတွင် လည်ပတ်ငွေသည် ဘတ်ငွေ သန်းပေါင်း ဆယ်ဂဏန်းနှင့်ချီ ရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။