ရခိုင်တွင် လွတ်ငြိမ်းဖြင့် အကျဉ်းသား ၃၀၀ ကျော်လွတ်မြောက်၊ နိုင်/ကျဉ်းများ မပါ

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူများနှင့် အခြား နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ ပါဝင်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများရှိနေကြသည်။

By Admin 04 Jan 2023

ရခိုင်တွင် လွတ်ငြိမ်းဖြင့် အကျဉ်းသား ၃၀၀ ကျော်လွတ်မြောက်၊ နိုင်/ကျဉ်းများ မပါ

ယနေ့ စစ်တွေအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအား တွေ့ရစဉ်။ / ဓာတ်ပုံ - DMG

DMG၊ ဇန်နဝါရီ ၄

ယနေ့ကျရောက်သည့် (၇၅) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရခိုင်ပြည်ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၈ ဦး လွတ်မြောက်လာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှမပါဝင်ကြောင်း သိရသည်။ 

လွတ်မြောက်လာသူ ၃၀၈ ဦးထဲတွင် စစ်တွေအကျဉ်းထောင်မှ ၄၈ ဦး၊ သံတွဲအကျဉ်းထောင်မှ ၂၀၆ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၃၀ ဦးနှင့် ကျောက်ဖြူအကျဉ်းထောင်မှ ၂၄ ဦး ပါဝင်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခိုင်သဇင်က “ အခုလို လွတ်မြောက်လာတော့ အတိုင်းမသိ ဝမ်းသာရပါတယ်။ တခြားသူတွေအတွက်လည်း ဝမ်းသာပါတယ် ” ဟု ပြောသည်။

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံထားရသူများနှင့် အခြား နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ ပါဝင်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများရှိနေကြသည်။

သံတွဲမြို့မှ မြို့မိမြို့ဖတစ်ဦးက “ သံတွဲမှာ ၂၀၀ ကျော်လွတ်တယ်။ နိုင်ငံရေးအမှုတွေ ဘာတစ်ခုမှမပါဘူး။ ခိုးမှုတွေပဲ ပါတယ်။ ဒါဟာ (စစ်ကောင်စီ) ဟန်ပြလွတ်ပေးတဲ့ သဘောလို့ပဲမြင်တယ်။ ၁၇ (၁) နဲ့ အမိန့်ချထားတဲ့ လူတွေလည်းမပါဘူး။ အမှန်ဆို အဲဒီအမှုတွေ ဒီနေ့လွတ်ပေးတဲ့ထဲမှာ ပါသင့်တယ် ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ရှိသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းပြီးနောက် AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံထားရသူတချို့ကို ပြန်လွှတ်ပေးမှုများရှိသော်လည်း မလွှတ်သေးသူများလည်း ကျန်ရှိနေသေးသည်။

ထိုသို့ ဖမ်းဆီးအကျဉ်းချခံထားရသူများမှာ ယနေ့စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည်ကို မိသားစုဝင်များက စောင့်မျှော်နေကြခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ထောင်ဒဏ်ချမှတ်ခံထားရသည့် လူငယ်စာရေးဆရာ ကိုမင်းဒီပါ ၏ အစ်မဖြစ်သူ မမနန်းစိုးက “ ဒီနေ့ဆိုရင်လည်း လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတဲ့သူတွေထဲမှာ ကျမမောင်လေးပါနိုင်မလားလို့ မျှော်လင့်တကြီးနဲ့လာခဲ့တာ။ တကယ်တမ်းကျတော့ လွတ်မလာခဲ့ဘူး ” ဟု ပြောသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်းမှာလည်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူအရေအတွက်မှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “ လွတ်လပ်ရေးနေ့မှာ ၁၇(၁)၊ ၅၀၅(က) တို့လို အမှုတွေ လွတ်မယ်ဆိုပြီးတော့ အစက ကြားထားကြတာပါ။ မျှော်လင့်ထားတာကတော့ နိုင်ငံရေး ပုဒ်မတွေ လွတ်ပေးဖို့ကို ပြည်သူတွေလည်း မျှော်လင့်နေကြတာ။  ဒီအတိုင်း ဖြစ်မလာဆိုတော့ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားတာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံလျက်ရှိသည့် အကျဉ်းသား ၇,၀၁၂ ဦးကို (၇၅) ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသွာခွင့်ပေးလိုက်ကြောင်း ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီပိုင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်ပြန်လိုက်သည်။

အဆိုပါ အကျဉ်းသား ၇,၀၁၂ ဦးမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်သည်။

#R010 #I002

ဗီဒီယိုများ