- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီ လွတ်ငြိမ်းတွင် ရခိုင်က အကျဉ်းသား တစ်ဦးမျှမပါဝင်
ရခိုင်ပြည် စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူ အကျဉ်းထောင်များမှ အကျဉ်းသား လွတ်မြောက်လာခြင်းမရှိသည့်အပြင် စစ်တွေကနေ ပြည်မဒေသများသို့ ထောင်ပြောင်းခဲ့သည့် ရခိုင်အကျဉ်းသားများလည်း လွတ်မြောက်ခြင်းမရှိကြောင်း သိရသည်။
07 Jan 2025
DMG ၊ ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီသည် နိုင်ငံတဝန်းက အကျဉ်းသား ၅,၈၆၄ ဦးကို လွတ်ပေးခဲ့သော်လည်း ရခိုင်ပြည်မှ အကျဉ်းသား တစ်ဦးမျှမပါခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူ များထံမှသိရ သည်။
ရခိုင်ပြည် စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူ အကျဉ်းထောင်များမှ အကျဉ်းသား လွတ်မြောက်လာခြင်းမရှိသည့်အပြင် စစ်တွေကနေ ပြည်မဒေသများသို့ ထောင်ပြောင်းခဲ့သည့် ရခိုင်အကျဉ်းသားများလည်း လွတ်မြောက်ခြင်းမရှိကြောင်း သိရသည်။
အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည့် လုပ်ရပ်ဖြစ်ပြီး ရခိုင်အကျဉ်းသားများအား လွတ်ငြိမ်းခွင့်မပေးခြင်းသည် ရခိုင်နှင့်ပတ်သတ်၍ ဆွေးနွေးရန် အစီစဉ်မရှိသေးခြင်းကို ပြသရာရောက်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။
“အကျဉ်းသားလွတ်ပေးတာက ငြိမ်းချမ်းရေး လိုလားတဲ့အခါ လုပ်ပေးတဲ့လုပ်ရပ်ဖြစ်တယ်။ အခု ရခိုင်အကျဉ်းသားတွေကို မလွတ်ပေးတာကိုကြည့်ရင် ရခိုင်နဲ့ပတ်သတ်လို့ စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အစီအစဉ်မရှိသေး လို့ယူဆလို့ရတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
ရခိုင်ပြည်တွင် အကျဉ်းထောင် ၄ ခုရှိသည့်အနက် ဘူးသီးတောင်နှင့် သံတွဲအကျဉ်းထောင်တို့မှာ AA လက်အောက်ထဲတွင်ရှိနေပြီး စစ်တွေနှင့် ကျောက်ဖြူ အကျဉ်းထောင် ၂ ခုမှာ စစ်ကောင်စီ လက်အောက်တွင် ရှိနေသည်။
စစ်ကောင်စီ လွှတ်ပေးခဲ့သည့် အကျဉ်းသား (၅,၈၆၄) ဦး ထဲတွင် ၅၀၅ ပုဒ်မဖြင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၆၀၀) ဦး ခန့်ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
သို့သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင် (၄၀) ကျော်မှ နိုင်ငံရေးအကျဉ်းသား (၂၀၈) ဦးနှင့် အကျဉ်းသူ (၁၃၁) ဦး စုစုပေါင်း (၃၄၄) ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ၏ စာရင်းများတွင် ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် အကျဉ်းသားလွတ်ငြိမ်းခွင့် ၁၆ ကြိမ် လွတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း ISP-Myanmar အစီရင်ခံစာအရ သိရသည်။
ရခိုင်စစ်ရေး စောင့်ကြည့်နေသူ တစ်ဦးက “ နိုင်ငံရေးအကျဉ်းသားတွေက နိုင်ငံရေး ရာသီဥတုမကောင်းတဲ့ အချိန်ဆိုတော့ ပြန်လွတ်ဖို့က မလွယ်သေးဘူး။ တစ်ချိန်ချိန် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ သဘောတူညီမှု တစ်စုံတစ်ရာဖြစ်ဖြစ် အကျဉ်းသားချင်းလှဲတာဖြစ်ဖြစ် လုပ်နိုင်ရင်တော့ ပြန်လွတ်လာ နိုင်တာပေါ့” ဟု သုံးသပ်သည်။
ရခိုင်က အကျဉ်းသားများကို မလွှတ်ပေးခြင်းမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား ဆက်ဆံရေး တင်းမာနေမှုနှင့် တိုက်ပွဲအရှိန်ဟုန်ပြင်းလာနိုင်ကြောင်း သုံးသပ်နေကြသည်။
စစ်ကောင်စီသည် ၎င်းတို့အတွက် အန္တရာယ်မဖြစ်ဟု ယူဆထားသည့် အကျဉ်းသားများနှင့် ပြစ်ဒဏ်နည်းပါးသည့် အကျဉ်းသားများကိုသာ ခံဝန်ကတိများ ထိုးခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပြီးမှသာ လွတ်ပေးကြောင်းလည်း နိုင်ငံရေးသမားများက ရှုမြင်ကြသည်။
“မြန်မာနိုင်ငံမှာက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ ဒါကြောင့်လည်း စစ်ကောင်စီက သူတို့အတွက် သိပ်ပြီးတော့ အန္တရာယ်မပြုနိုင်တဲ့လူတွေ ပြန်လွတ်ပေးတာ။ နောက်တစ်ကြိမ် ပြစ်ဒဏ်နှစ်ခုပေါင်းခံ ရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြီး ပြန်လွတ်တာတွေပဲရှိပါတယ်။ ရခိုင်ကကျတော့ အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီးခံ ထားရတဲ့လူတွေများတော့ ပါမလာတာလို့ ယူဆပါတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေး သမား ဦးဖေသန်းကပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရခိုင်ပြည်အတွင်းမှ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ၎င်းတို့ အားဝေဖန်သူများအား အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်သည့် ပုဒ်မတို့ဖြင့် ဖမ်းဆီးထား ခြင်း ကြောင့် အမြန်ဆုံးလွတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုကြသည်။