ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ

အကျဉ်းထောင်များ အားလုံးတွင် လုံလောက်စွာ ဆေးဝါးကုသမှု မရှိခြင်း၊ ထောင်ကျန်းမာရေးဝန်ထမ်းများက ကောင်းမွန်စွာ ဆေးကုသပေးမှု မရှိသည့်အပြင် ကုသမှုပုံစံမှာ မည်သည့်ရောဂါဖြစ်သည်ကို သေချာဆန်းစစ်ခြင်း မရှိကြောင်း သိရသည်။

By Admin 02 Feb 2025

ပုံစာ- စစ်တွေအကျဉ်းထောင်အား တွေ့ရစဉ်။
ပုံစာ- စစ်တွေအကျဉ်းထောင်အား တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု လေးနှစ်တာအတွင်း နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသား ၂၈,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းသားများမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

အကျဉ်းထောင်များ အားလုံးတွင် လုံလောက်စွာ ဆေးဝါးကုသမှု မရှိခြင်း၊ ထောင်ကျန်းမာရေးဝန်ထမ်းများက ကောင်းမွန်စွာ ဆေးကုသပေးမှု မရှိသည့်အပြင် ကုသမှုပုံစံမှာ မည်သည့်ရောဂါဖြစ်သည်ကို သေချာဆန်းစစ်ခြင်း မရှိကြောင်း သိရသည်။

" ထောင်မှာ ဆေးဝါးကုသမှု ဘာမှမရှိဘူး။ အားဆေး အနီလေးတွေ၊ ပန်းရောင်လေးတွေ ချိုတို ချိုတိုနဲ့ အဲဒါပေးတယ်။ နေမကောင်းလည်း ဒါပဲ။ ချောင်းဆိုးလည်း ဒါပဲ " ဟု နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက AAPP ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အကျဉ်းထောင်က ပေးသည့် ဆေးဝါးများမှာ ရောဂါနှင့်သက်ဆိုင်မှု မရှိခြင်းကြောင့် ရောဂါအပေါ် သက်ရောက်မှု အားနည်းကြောင်း သူက ဆက်ပြောထားသည်။ ယင်းအပြင် ဆေးကုသမှုမရရှိ၍ ထောင်တွင်း အသက်သေဆုံးသူလည်းရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်မှ စ၍ ယခုအချိန်ထိ အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အင်းစိန်အကျဉ်းထောင်တွင်လည်း ထောင်တွင်း နေရာလုံလောက်မှုမရှိခြင်း၊ သန့်ရှင်းရေး အားနည်းခြင်း၊ မိလ္လာစနစ် သန့်ရှင်းမှုအားနည်းခြင်းအပြင် သောက်သုံးရေ၊ ချိုးရေ မသန့်ရှင်းခြင်းတို့ကြောင့် အရေပြား ယားယံခြင်းစသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ ကြရကြောင်း နိုင်ငံရေးအကျဉ်းသူ တစ်ဦးက AAPP ထုတ်ပြန်ချက်တွင် ပြောပြထားသည်။

အစားအသောက်နှင့် သောက်ရေ မသန့်ရှင်းမှုကြောင့် မန္တလေးအကျဉ်းထောင်အတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် အကျဉ်းသား/ သူ ၇၀ ဦးခန့်ရှိကြောင်း AAPP ၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အကျဉ်းထောင်လက်စွဲ ဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်း အကျဉ်းကျနေစဉ်ကာလတွင် သင့်လျှော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

သို့သော်လည်း အကျဉ်းသားများမှာ ဆေးဝါး အလုံအလောက် ကုသခွင့်မရရှိသည့်အပြင် မိသားစုဝင်များမှ ပေးသည့် ဆေးဝါးများ ကန့်သတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရ ခြင်း စသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်။

" NUG အနေနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စတွေမှာ အလွန်တရာမှ အာရုံစိုက်မှု အားနည်းနေတာတွေ၊ နှုတ်ဆိတ်နေတာတွေ နှုတ်ပိတ်နေတာတွေကို အခုချိန်ကစပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တာ တွေနဲ့ ပတ်သက်ပြီး ဖော် ထုတ်ပေးဖို့လိုတယ် " ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

ယင်းအပြင် နိုင်ကျဉ်းများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းဖော်ထုတ်ပေးရန် လိုအပ်ပြီး မဖော်နိုင်ထုတ်နိုင်ပါက နိုင်ကျဉ်းများအပေါ် ညှင်းပန်းနှိပ်စက်ခွင့် လိုင်စင်သက်တမ်းတိုးပေးသည့် ပုံစံမျိုးကြုံနေရကြောင်း သူက ဆက်ပြောသည်။

AAPP ထုတ်ပြန်ချက်စာရင်းအရ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်အထိ ဖမ်းဆီးခံရသူ နိုင်ကျဉ်းစုစုပေါင်း ၂၈,၀၀၀ ကျော်ရှိပြီး ထိန်းသိမ်းခံထားရသူ ၂၁,၀၀၀ ကျော်ထဲမှ ၁၀,၀၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။