- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်/ကျဉ်း လွတ်မြောက်မှု အရေအတွက် စစ်ကောင်စီ ပြောဆိုချက်နှင့် ကွဲလွဲ
ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့၌ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည့် အကျဉ်းသား များထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ စစ်ကောင်စီပြောဆိုချက်နှင့် ကွဲလွဲနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ထုတ်ပြန်လိုက်သည်။
06 Jan 2025
DMG ၊ ဇန်နဝါရီ ၆
ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့၌ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည့် အကျဉ်းသား များထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ စစ်ကောင်စီပြောဆိုချက်နှင့် ကွဲလွဲနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ထုတ်ပြန်လိုက်သည်။
၅၀၅ ပုဒ်မဖြင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦး ခန့်ပါဝင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပိုင် သတင်းများမှတစ်ဆင့် ပြောဆိုခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် (၄၀) ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦးနှင့် အကျဉ်းသူ ၁၃၁ ဦး စုစုပေါင်း ၃၄၄ ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ၏ စောင့်ကြည့်ကောက်ယူခဲ့သည့် စာရင်းများတွင် ဖော်ပြသည်။
“စစ်ကောင်စီ ထုတ်ပြန်တဲ့ အရေအတွက်ထက်များစွာ လျော့နည်းတာကို တွေ့ရပြီး နိုင်ငံရေးအကျဉ်းသား လွတ် မြောက်မှုစာရင်းဖုံးကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသား (၆၀၀) လောက်လွတ်ပေးခဲ့သလို ပြောဆို တာဖြစ်တယ်” ဟု PPNM အစီရင်ခံစာက ဖော်ပြသည်။
PPNM ၏ စာရင်းများအရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ရွှေဘိုမှ ၃၃ ဦး၊ အိုးဘို ၂၉ ဦး၊ မြင်းခြံ ၂၂ ဦး၊ ပြည် ၁၁ ဦး၊ မအူပင် ၂ ဦး၊ တောင်ငူ ၁၆ ဦး၊ ပခုက္ကူ ၁၅ ဦး၊ အင်းစိန် ၁၀၀ ဦးကျော်ခန့်၊ ဟင်္သာတ ၁ ဦး၊ ကလေး ၅ ဦး၊ မကွေး ၁၃ ဦး၊ ပေါင်းတည် ၈ ဦး၊ မိတ္ထီလာ ၆ ဦး၊ ဒိုက်ဦး ၁၂ ဦး၊ မိုးညှင်း ၁ ဦး၊ သာယာဝတီ ၁၁ ဦး၊ ညောင်ဦး ၂ ဦး၊ ဖျာပုံ ၄ ဦး၊ ထားဝယ် ၃ ဦး၊ ကျိုက်မရော ၅ ဦး၊ မုံရွာ ၈ ဦး၊ မြိတ် ၆ ဦး၊ ကသာ ၂ ဦး၊ ဘားအံ ၃ ဦး၊ မြစ်ကြီးနား ၁ ဦး၊ ရမည်သင်း ၁၅ ဦး၊ ပဲခူး ၁ ဦး၊ ညောင်ရွှေ ၄ ဦး၊ သထုံ ၁ ဦး၊ ငှက်အော်စမ်း ၃ ဦး တို့ဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်မြင့် အပါအဝင် နိုင်ငံရေးအကျဉ်း သားများအား နိုင်ငံရေးထွက်ပေါက်အဖြစ် လှဲလှယ်ရန်အတွက် ဆက်လက်၍ ဖမ်းဆီးထား ဆဲဖြစ်ကြောင်း PPNM က ဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ် ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
စစ်ကောင်စီသည် အာဏာသိမ်းချိန် လေးနှစ်နီးပါးကာလအတွင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခု နှစ် ဇန်နဝါရီ ပထမပတ်အထိ) မြန်မာနိုင်ငံတွင် လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ကြေညာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၈ ဒသမ ၆ ရာခိုင်နှုန်းသာပါဝင်ကြောင်း ISP Myanmar ကလည်း ယနေ့ထုတ်ပြန်သည်။
“စစ်ကောင်စီ အာဏာသိမ်းချိန် လေးနှစ်နီးပါးကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ကြေညာခဲ့ပြီး အကျဉ်း ကျခံ နေရသူ ၁၀၁,၇၂၉ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ဦး၊ ရာခိုင်နှုန်း အနေနဲ့ ပြန်လွှတ်ပေးသူ စုစုပေါင်းရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းပဲ ပါခဲ့ပါတယ်” ဟု ISP Myanmar ထုတ်ပြန် ချက်က ဆိုသည်။
ယင်းအပြင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်မှုများကြောင့် ဖမ်းဆီးခံထားခံထားရသည့် နိုင်ငံရေး အ ကျဉ်းသား ၂၁,၄၉၉ ဦးထက်မနည်း ရှိနေဆဲဖြစ်ပြီး ယင်းအထဲတွင် ၉,၉၈၅ ဦးထက်မနည်းမှာလည်း ထောင်ဒဏ် တစ်နှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားရဆဲဟု ISP Myanmar ၏ အစီရင်ခံစာ တွင် တွေ့ရသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသာများအားလုံးအား ချွင်းချက်မရှိအမြန်ဆုံး လွတ်ပေးရန်နှင့် ကျူးလွန်ခဲ့သည့် ကိစ္စရပ်များအတွက် တရားစီရင်ရေးအောက်တွင် တာဝန်ခံရန်လည်း PPNM က တောင်းဆိုထားသည်။