ရက္ခိုင့်တပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

အေအေ ကို ၂၀၀၉ ခုနှစ် ဧပြီမှာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အေအေ ရဲ့ရည်မှန်းချက်က "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ဆင်တူတဲ့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင် ဖို့ပါပဲ။

By Admin 23 Dec 2022

ရက္ခိုင့်တပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

ကိုးကန့်ခေါင်းဆောင် ဖုန်းကြားရှင်၏နာရေးတွင် အမှတ်တရစကား ပြောကြားနေသည့် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Facebook

DMG | ဒီဇင်ဘာ ၂၃

ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA) က ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေပြီး မြန်မာနိုင်ငံရဲ့လူမျိုးရေး ပဋိပက္ခတွေအတွက် အရေးပါတဲ့ အသစ်အဆန်းတစ်ခုလည်း ဖြစ်ပါတယ်။

AA နဲ့ မြန်မာစစ်တပ်အကြား ပြင်းထန်တဲ့တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် ရဲကင်းစခန်းတစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဟာ လူပေါင်း ၁၅၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အနေအထားဆီ ဦးတည်ခဲ့ပါတယ်။

နိုင်ငံရေးအရ ပစ်ပယ်ခံထားရတဲ့ အကျိုးဆက်အဖြစ် အေအေကို ရခိုင်ပြည်သူလူထု ထောက်ခံမှုအင်အားကြီးမားလာခဲ့ပြီး ၂၀၁၇ ခုနှစ်ကစလို့ တိုတောင်းတဲ့အချိန် အတွင်း တရုတ်ရဲ့ကျောထောက်နောက်ခံနဲ့ အရှိန်ကြီးမားလာခဲ့ပါတယ်။ ဘေဂျင်းအနေနဲ့ မြန်မာနိုင်ငံမှာ သူရဲ့စီး ပွားရေးနဲ့ ဗျူဟာမြောက်ပန်းတိုင်တွေကို ကာကွယ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်၊ အေအေ နှစ် ဘက်လုံးနဲ့ အင်အားချိန်ခွင်လျှာမျှနေဖို့ လိုအပ်ပါတယ်။

ရက္ခိုင့်တပ်တော် ဒီရေတက်ချိန်

အေအေ ကို ၂၀၀၉ ခုနှစ် ဧပြီမှာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အေအေ ရဲ့ရည်မှန်းချက်က "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ဆင်တူတဲ့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင် ဖို့ပါပဲ။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်မှာပါဝင်ပါတယ်။ အေအေက ရခိုင်အမျိုးသားရေး စိတ်ဓာတ်ကို လက်ကိုင်ထားသလို ဒေသတွင်းသာယာဝပြောရေးနဲ့ ရခိုင်တိုင်းရင်းသား အသိုက်အဝန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတိပြုထားပြီး လူထုရဲ့ထောက်ခံမှုရဖို့ကိုလည်း ကြိုးစားနေပါတယ်။

အေအေရဲ့ ကနဦးကာလတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့အရိပ်အောက်ကနေ လေ့ကျင့်သင် ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အားကြီး UWSA ဆီရွှေ့ပြောင်းခဲ့ပါတယ်။ အစပထမကာလတွေမှာ အေအေ က ရှမ်းနဲ့ကချင်ပြည်နယ်တွေမှာ စစ်ဆင်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ပွဲအတွေ့အကြုံတွေ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်ဘက်ကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်းရောက်မှသာ အေအေက ရခိုင်ပြည်နယ်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

အေအေကို တရုတ်က ဘာတွေထောက်ပံ့ခဲ့သလဲ

တရုတ်အစိုးရက အေအေကို လက်နက်တိုက်ရိုက် ထောက်ပံ့တာနဲ့ပတ်သက်ပြီး အထောက်အထား အနည်းငယ်သာ ရှိသေးပေမယ့် စစ်တွေရေတပ်သင်္ဘော တိုက်ခိုက်မှုအပါအဝင် သာဓကအများအပြားအရ အေအေလက်ထဲ တရုတ်လက်နက်တွေ စီးဆင်းခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

Anders Corr ရဲ့စကားအရ အေအေရဲ့ဘဏ္ဍာရေး အရင်းအမြစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံကဖြစ်ပါတယ်။ အေအေကို တရုတ်ကထောက်ပံ့ပေး ထားတဲ့ပစ္စည်းတွေထဲ ယူနီဖောင်း၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက အေအေရဲ့ စစ်တွေရေယာဉ်တိုက်ခိုက်မှုမှာ တရုတ်လုပ် ၁၀၇ မီလီမီတာ ဒုံးကျည် ၃ စင်း အေအေကပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အေအေရဲ့ အဓိကလက်နက်အရင်းအမြစ်က UWSA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဆီက ဖြစ်ပြီး အခြား တိုင်းရင်းသားလက်နက်ကိုင် တွေဆီကလည်း ဝယ်ယူခဲ့ပါတယ်။ UWSA နဲ့ တရုတ်က ရင်းနှီးတဲ့မိတ်ဘက်တွေဖြစ်ပြီး UWSA ရဲ့နယ်မြေအတွင်း တရုတ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေရှိတယ်လို့ UWSA ကပြောဆိုထားပါတယ်။ ဒါကြောင့်လည်း လက်နက်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်က UWSA နဲ့နီးကပ်တဲ့အဖွဲ့တွေမှာ ပိုပြီးရှိနေပါတယ်။ UWSA က အေအေလည်းပါဝင်သလို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေး နွေးညှိနှိုင်းမှုဆိုင်ရာ ကော်မတီ(FPNCC) ကိုဦးဆောင်နေပါတယ်။ ဘေဂျင်းက အေအေကိုဩဇာလွှမ်းမိုးနိုင်ဖို့ FPNCC ကိုအသုံးချနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အေအေရဲ့ လက်နက်တိုက်တွေဆီကို ခေတ်မီဆန်းပြားတဲ့ တရုတ်လက်နက်တွေ စီးဆင်းနေတာက အေအေကို တရုတ်ရဲ့ကျောထောက်နောက်ခံပြုနေမှုကို အားကောင်းစေပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ထိုင်းစစ်တပ်က မြန်မာနဲ့ထိုင်းနယ်စပ်ကနေ ဒေါ်လာ ၁ သန်းတန်ဖိုးရှိတဲ့ တရုတ်လက်နက် အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီလက်နက်တွေက အေအေ နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ သောင်းကျန်းသူအဖွဲ့တွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာစစ်တပ်က တရုတ်လုပ်လက်နက်တွေဖြစ်တဲ့ FN6 လေယာဉ်ပစ်လက်နက်တွေ၊ RPG တွေအပြင် အေအေရဲ့မဟာမိတ်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ TNLA ရဲ့ကျည်တောင့် ၄၀၀၀၀ အပါအဝင် တခြားလက်နက်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုက အိန္ဒိယနိုင်ငံရဲ့ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ မတူဘဲ တရုတ်ရဲ့စီမံကိန်းတွေအပေါ် အေအေက ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မရှိတဲ့အချက်ပါ။ အေအေရဲ့ပြောရေးဆိုခွင့်ရ ဦးခိုင်သုခ က ၂၀၂၀ ခုနှစ် မတ်လကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း "တရုတ်က မိမိတို့အား အသိအမှတ်ပြုသော်လည်း အိန္ဒိယက ထိုသို့မဟုတ်" လို့ထုတ်ပြန်ခဲ့တဲ့အတွက် အေအေနဲ့ဘေဂျင်းရဲ့ ဆက်စပ်နေမှုကို ထပ်ပြီးဖော်ပြခဲ့ပါတယ်။

တရုတ်နှင့်ချိတ်ဆက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရက္ခိုင့်တပ်တော် ချိတ်ဆက်နေမှု

UWSA လို EAOs အများအပြားနဲ့မတူဘဲ ဘေဂျင်းကအေအေကို တိုက်ရိုက်ကျောထောက်နောက်ခံ ပေးတာမျိုး မရှိပါဘူး။ အဲဒီလိုဆောင်ရွက်မယ့်အစား တရုတ်နိုင်ငံက သူရဲ့မဟာဗျူဟာနဲ့အကျိုးစီးပွားတွေ လုံခြုံစေဖို့အတွက် အခြား EAO တွေကတဆင့် အေအေဆီကို လက်နက်နဲ့အခြားအရင်းအမြစ်တွေ ချိတ်ဆက်ထားပါတယ်။ အေအေကိုတရုတ်က သွယ်ဝိုက်ထောက်ခံပေးနေတာက မြန်မာနိုင်ငံမှာ ဘေဂျင်းရဲ့ဩဇာကို ဆက်ပြီးထိန်းသိမ်းဖို့နဲ့ EAO တွေနဲ့ အစိုးရကြား ဟန်ချက်ညီအောင် လုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ အေအေနဲ့သာ အချိတ်အဆက်မိပြီဆိုရင်တော့ ဘေဂျင်းက သူရဲ့အခြေခံ အဆောက်အဦပရောဂျက်တွေကို ကာကွယ်နိုင်ပါပြီ။

ဆွီဒင်သတင်းထောက် ဘာတီးလ်လင့်တနာကတော့ တရုတ်ရဲ့မြန်မာနိုင်ငံအပေါ် ပေါ်လစီကို "မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ်လစီ" အဖြစ် ရှင်းပြခဲ့ပါတယ်။ တရုတ်နိုင်ငံက တစ်ဘက်မှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ မြန်မာနိုင်ငံကို ကာကွယ်ပေးနေပါတယ်။ တစ်ဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလိုအပ်တဲ့ ရန်ပုံငွေနဲ့လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။

တကယ်တမ်းတော့ တရုတ်အတွက်က ရခိုင်ပြည်နယ်မှာ အေအေလိုအဖွဲ့အစည်းမျိုး ရှိနေတာကို မနှစ်သက်ပါဘူး။ အေအေရှိနေတာက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ရှု မြင်ထားပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့စီးပွားရေး ပရောဂျက်တွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့အတွက် တည်ငြိမ်တဲ့ အခြေအနေတစ်ရပ်ရှိနေဖို့ လိုပါတယ်။ အေအေရဲ့တောင်းဆိုချက်တွေကို မြန်မာစစ်တပ်က လိုက်လျောမှာ မဟုတ်ဘူးလို့ ဘေဂျင်းကရိပ်မိပါတယ်။ အေအေရဲ့ရပ်တည်မှုက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်။

ပထမအချက်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေက တရုတ်ပရောဂျက်တွေနဲ့ တရုတ်တွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒုတိယအချက်က နယ်စပ်လုံခြုံရေးက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့တရုတ် အိမ်နီးချင်းဖြစ်နေတာက တခြားသူတွေ ဝင်ရောက်လာမှာကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ တရုတ်က ယုံကြည်ထားပါတယ်။ အေအေနဲ့စစ်တပ်အကြား ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက နိုင်ငံတကာကိုဝင်ရောက်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ဒါက တရုတ်ရဲ့ အကျိုးစီးပွားမဟုတ်ပါဘူး။

တတိယအချက်ကတော့ အေအေဟာ အင်အားကြီးမားတဲ့ အဖွဲ့အဖြစ် တည်ရှိနေတဲ့အတွက် အစိုးရနဲ့အေအေကြား ဟန်ချက်ညီနေတာမျိုးကိုပဲ ဘေဂျင်းကလိုအပ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ နေပြည်တော်ဟာ တရုတ်နဲ့ EAO တွေကြားက ဆက်ဆံရေးအပေါ် သံသယရှိနေခဲ့တာ ကြာပါပြီ။ အေအေကို တရုတ်က တိုက်ရိုက်ထောက်ပံ့ပေးခြင်းက ဒီအချက်ကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်နေပါစေ၊ မြန်မာတစ်နိုင်ငံလုံးကို စစ်တပ်က မထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ အမှန်တရားကြောင့် ဘေဂျင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ သူရဲ့စီးပွားရေးတွေနဲ့ ဗျူဟာမြောက်အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ EAO တွေနဲ့ အစိုးရ နှစ်ရပ်လုံးနဲ့ ချိတ်ဆက်ဖို့လိုအပ်ပါတယ်။

အေအေရဲ့ရခိုင်ပြည်နယ်မှာ ကျောက်ဖြူဆိပ်ကမ်းနဲ့ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီးပွားရေးအရရော မဟာဗျူဟာအရပါ အရေးပါတဲ့ BRI ပရောဂျက်တွေရဲ့ အချက်အချာတွေ ရှိနေပါတယ်။ ဘူမိမဟာဗျူဟာ ရှုထောင့်အားနည်းချက်ကို လျှော့ချဖို့ ဒီစီမံကိန်းတွေက တရုတ်အတွက် အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဘေဂျင်းရဲ့ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တွေ အနှောင့်အယှက် မဖြစ်ရအောင်အတွက် အေအေနဲ့ချိတ်ဆက်မှုတွေ ထူထောင်ဖို့ လိုအပ်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ အကြောင်းတွေကြောင့် အေအေကိုတရုတ်ရဲ့ ကျောထောက်နောက်ခံပြုခြင်းက အခြေအနေ အရဖြစ်ပေါ်လာပါတယ်။ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋိပက္ခတွေ အဆုံးသတ်သွားဖို့ ဘေဂျင်းကမမြင်သေးပါဘူး။ ဒါကြောင့်လည်း အေအေအပါအဝင် ကျန်တဲ့ EAO တွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ထိတွေ့ ဆက်ဆံမှုတွေကို ဘေဂျင်းက ဆက်ပြီးဆောင်ရွက်ဖို့ မျှော်လင့်ရသလို တိုင်းရင်းသားပဋိပက္ခတွေကနေ အမြတ်ထုတ်ပြီး နေပြည်တော်နဲ့ ဆက်ဆံရေးကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဦးမှာပါပဲ။

ဘုန်းမောင်

"ICSIN" တွင်ဖော်ပြထားသော "The Arakan Army and China's Relationship with Ethnic Armed Organizations in Myanmar" ကိုဆီလျော်အောင်ရေးသားသည်။