ပဲ့ကိုင်ရှင်မရှိတဲ့ တိုက်နယ်ဆေးရုံတွေ
“ဆရာဝန်ရှိတဲ့အချိန် အဆင်ပြေပေမယ့် မရှိတဲ့အချိန်မှာ ဆိုးဆိုးရွားရွားဖြစ်တယ်။ အိမ်တစ်ဆောင်မှာ အိမ်ထောင်ဦးစီးရှိဖို့ လိုအပ်သလို ဆေးရုံတစ်ရုံတစ်မှာလည်း ဆရာဝန်ရှိရင် ကျန်းမာရေးကိစ္စတွေ အများကြီး ကူညီပေးနိုင်တယ်”
09 May 2023
မင်းထွန်း - ရေးသည်
ဒီဇင်ဘာလ၏ ချမ်းစိမ့်စိမ့် ညနေစောင်းအချိန်တွင် ကြာအင်းတောင်တိုက်နယ်ဆေးရုံအတွင်း စကားပြောသံများနှင့် ပွတ်လောရိုက်သွားသည်။ ရုတ်တရက်သတိမေ့သွားသော အသက် ၆၃ နှစ်အရွယ် လူနာတစ်ဦးကို ဆေးရုံသို့လာပြစဉ် ဆရာဝန်မရှိသဖြင့် အခက်တွေ့နေကြခြင်း ဖြစ်သည်။
“ကိုယ့်ရွာက တိုက်နယ်ဆေးရုံမှာ ဆရာဝန်ရှိခဲ့ရင် အဲဒီလိုဖြစ်မှာ မဟုတ်ဘူး”
ဆေးကုသမှုခံယူရန် မြို့ပေါ်ဆေးရုံသို့ပို့ဆောင်စဉ် အချိန်မမီဘဲ ခင်ပွန်းသည်၏အသက်ကို ဆုံးရှုံးလိုက်ရသည့်အပေါ် အသက် ၅၅ နှစ်အရွယ် ဒေါ်မခင်သိန်းတစ်ယောက် မခံချိမခံသာ ရင်ဖွင့်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် ဒေါ်မခင်သိန်း၏ခင်ပွန်းဖြစ်သူ ဦးတင်အောင်ကြီးမှာ ရုတ်တရက်သွေးတိုးပြီး အော့အန်ကာ သတိမေ့သွား၍ ကျေးရွာတိုက်နယ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရာ ဆရာဝန်မရှိသဖြင့် ရွာနှင့် ၂၅ မိုင်ခန့်ဝေးသည့် မင်းပြားမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ရသည်။ ညနေ ၆ နာရီအချိန်မှသာ ကားငှား၍ရသဖြင့် မင်းပြားမြို့သို့ ည ၈ နာရီကျော်အချိန်တွင် ရောက်ရှိသွားခဲ့သည်။
“ကိုယ့်ရွာမှာ ဆရာဝန်မရှိ၊ ဆေးကုဖို့လူမရှိလို့ မြို့ကိုယူသွားတဲ့အခါ ၉ နာရီ ၁၅ မိနစ်မှာ ဆုံးသွားတယ်။ မြို့ပေါ်ဆေးရုံကို ရောက်တဲ့အခါ အသက်ကုန်သွားတယ်။ အချိန်မမီလိုက်လို့ အသက်ဆုံးရှုံးသွားရတာပါ” ဟု ဒေါ်မခင်သိန်းက ပြောသည်။
ဒေါ်မခင်သိန်းမိသားစု နေထိုင်ရာ ရခိုင်ပြည်၊ မြေပုံမြို့နယ် ကြင်အင်းတောင်ကျေးရွာတွင် အိမ်ခြေ ၃၂၆ ဆောင်နှင့် လူဦးရေ ၁,၅၀၀ ကျော်ရှိပြီး ငွေကျပ်သိန်းခြောက်ထောင် အကုန်အကျခံပြီး ဆောက်လုပ်ပေးထားသည့် တိုက်နယ်ဆေးရုံလည်း ရှိသည်။ တိုက်နယ်ဆေးရုံကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့သော်လည်း ယနေ့အထိ ဆရာဝန် မရောက်ရှိသေးဘဲ အထက်တန်းသူနာပြုတစ်ဦး၊ Blue Staff တစ်ဦး၊ Nurse တစ်ဦး၊ ဆေးရုံစောင့်တစ်ဦး စုစုပေါင်းလေးဦးသာ ရှိသည်။
ဖျားနာရောဂါအဆင့်လောက်သာ ကုသ၍ရပြီး၊ မွေးလူနာများနှင့် အရေးပေါ်လူနာများကို ကုသ၍အဆင်မပြေပေ။ ထို့ကြောင့် ဒေသခံအများစုမှာ ကျေးရွာနှင့် ၂၅ မိုင်ခန့်ဝေးသည့် မင်းပြားဆေးရုံကြီးသို့ ကုန်းလမ်းမှတစ်ဆင့်သွားကာ ကုသမှုခံယူကြသည်။ အလားတူ ၁၈ မိုင်ခန့်ကွာဝေးသည့် မြေပုံဆေးရုံကြီးသို့ ရေလမ်းမှအဆင့်ဆင့်သွားပြီး ဆေးကုသမှုခံယူသူများလည်း ရှိသည်။
ကြင်အင်းတောင်တိုက်နယ်ဆေးရုံကို အနီးအနားမှ ရက်ချောင်း၊ သံကြိုး၊ ခွဆုံ၊ ပန်းနီ၊ ချောင်းကြီးစသည့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံများ၏ကျန်မားရေးအတွက် အားကိုးမှီခိုနေကြသည်။ သို့သော် ဆရာဝန်မရှိသဖြင့် ဒေသခံများမှာ နာမကျန်းဖြစ်ပါက ဟိုပြေးလိုက်/သည်ပြေးလိုက်နှင့် “အသက်တစ်ချောင်းကို လုနေရသည်”ဟု ရွာသားများက ဖွင့်ဟကြသည်။
“ကျမတို့ဒေသဘက်က လူတွေဟာ ငွေကြေးချို့တဲ့တယ်။ ဆင်းရဲကြတယ်။ ပိုက်ဆံ ချမ်းသာတဲ့လူက အဲလောက်ထိ မရှိဘူး။ အသက်တစ်ချောင်းရဖို့အတွက် ကားငှားရသလို ကြံဖန်ပြီးသွားရတယ်။ အခက်အခဲတွေက သိပ်အများကြီးရှိတယ်” ဟု ဒေါ်မခင်သိန်းက ပြောသည်။
တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိ၍ ဆေးကုသရေးပိုင်၌ အခက်ကြုံနေကြသည်မှာ ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသ အများအပြားမှာပင် ဖြစ်သည်။ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်မြို့နယ်များရှိ တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်မရှိသဖြင့် ကျေးလက်နေပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ဦးဂါတိုက်နယ်ဆေးရုံနှင့် ကူတောင်တိုက်နယ်ဆေးရုံတို့တွင်လည်း ဆရာဝန်မရှိသည့်အတွက် မိုးစဲကျွန်းဒေသခံများမှာ ကျန်းမာရေးကဏ္ဍများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
ဦးဂါတိုက်နယ်ဆေးရုံကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဆေးရုံစဖွင့်ချိန်မှစ၍ ယခုအချိန်ထိ ဆရာဝန်တစ်ဦးမျှ မရောက်ရှိသေးသဖြင့် အထက်တန်းသူနာပြု တစ်ဦးတည်းနှင့် ဆေးရုံကို လည်ပတ်နေရသည်။ ကူတောင်တိုက်နယ်ဆေးရုံတွင်လည်း တာဝန်ကျနေသည့် ဆရာဝန်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက ပြောင်းရွှေ့တာဝန်ကျသွားသဖြင့် ထိုနေရာတွင် အစားထိုးမည့် ဆရာဝန်တစ်ဦးမျှ ရောက်ရှိလာခြင်း မရှိသေးပေ။
ကူတောင်ကျေးရွာမှ ဦးဦးသိန်းအောင်က “ဆရာဝန်ရှိတဲ့အချိန် အဆင်ပြေပေမယ့် မရှိတဲ့အချိန်မှာ ဆိုးဆိုးရွားရွားဖြစ်တယ်။ အိမ်တစ်ဆောင်မှာ အိမ်ထောင်ဦးစီးရှိဖို့ လိုအပ်သလို ဆေးရုံတစ်ရုံတစ်မှာလည်း ဆရာဝန်ရှိရင် ကျန်းမာရေးကိစ္စတွေ အများကြီး ကူညီပေးနိုင်တယ်” ဟု ပြောသည်။
မိုးစဲကျွန်းတွင် ကျေးရွာပေါင်း ၂၈ ရွာရှိပြီး ကျန်းမာရေးကိစ္စများအတွက် ဦးဂါနှင့် ကူတောင် တိုက်နယ်ဆေးရုံတို့ကို အဓိကအားထားကြရသည်။ ဦးဂါနှင့် ကူတောင် ကျေးရွာတို့သည် မိုးစဲကျွန်းအလယ်တွင်တည်ရှိသည့် ကျေးရွာများဖြစ်သည်။
မိုးစဲကျွန်းရှိ တိုက်နယ်ဆေးရုံ နှစ်ခုစလုံးတွင် ဆရာဝန်မရှိသဖြင့် ကျန်းမာရေးမကောင်းသော ဒေသခံများမှာ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် ရသေ့တောင်နှင့် စစ်တွေမြို့ပေါ်သို့ သွားရောက်ဆေးကုသကြရသည်။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်း၍ လမ်းခရီး၌ အခက်အခဲများ ကြုံကြရသည်။
ဦးဂါကျေးရွာမှ ရသေ့တောင်မြို့သို့ သွားမည်ဆိုပါက ကြမ်းတမ်းသည့် ကျောက်ခင်းလမ်းမှတစ်ဆင့် သွားရသည်။ ယင်းမှ မိုးစဲကျွန်း ငလပြားဆိပ်ကမ်းသို့ ရောက်သည်။ ထိုမှတစ်ဆင့် စက်လှေဖြင့် နာရီခွဲခန့်သွားရသည့် မြစ်ကိုဖြတ်ကူးကာ ရသေ့တောင်မြို့သို့ သွားရသည်။
အလားတူ ဦးဂါကျေးရွာမှ စစ်တွေမြို့သို့ သွားမည်ဆိုပါက ကြမ်းတမ်းသည့် ကျောက်ခင်းလမ်းမှတစ်ဆင့် ကားဖြင့် နာရီခွဲခန့် သွားရသည်။ ယင်းမှ ဇီးကိုင်းပါဒလိပ်ဆိပ်ကမ်းသို့ ရောက်ပြီး ထိုမှတစ်ဆင့် မြစ်ကို စက်လှေများဖြင့် နာရီဝက်ခန့် ဖြတ်ကူး၍ စစ်တွေပါဒလိပ်ဆိပ်ကမ်းသို့ ရောက်သည်။ ယင်းမှတစ်ဆင့် ထပ်မံ၍ ကားဖြင့် နာရီဝက်ခန့်သွားပြီးမှသာလျှင် စစ်တွေမြို့ပေါ်သို့ ရောက်သည်။
လူနာများမှာ ဆေးကုသမှုခံယူရန် ကြမ်းတမ်းသည့် လမ်းများမှတစ်ဆင့် သွားလာနေရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဦးဂါကျေးရွာမှ ကိုမြတ်အောင်က ပြောသည်။
“အဓိက စိုးရိမ်ရတာက လမ်းက လုံးဝကျောက်ကြမ်းလမ်းဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းသူတွေတောင် သွားရတာအဆင်မပြေဘူး။ အဲဒီလမ်းက လူနာတွေအတွက် စိုးရိမ်ရတာတွေရှိတယ်။ နောက် မြစ်ကိုဖြတ်ပြီး သွားရတာရှိတယ်။ မြစ်ကိုဖြတ်ရတော့ အသက်အန္တရာယ် စိုးရိမ်ရတာရှိတယ်။ လှိုင်းလေပြင်းတယ်ဆိုရင် မြစ်ကို ဖြတ်သွားလို့မရတာရှိတယ်”
ရခိုင်ကျေးလက်ဒေသက တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိခြင်းနှင့်ပတ်သက်၍ ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။
ရခိုင်ပြည်တွင် တိုက်နယ်ဆေးရုံ ၅၃ ခုရှိသည့်အနက် ဆရာဝန်မလုံလောက်၍ တိုက်နယ်ဆေးရုံ ၂၃ ခုတွင် ဆရာဝန်မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် DMG ကို ဖြေကြားထားသည်။ ဂွနှင့် သံတွဲမြို့နယ်ကလွဲ၍ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ မြို့နယ်များရှိ တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်မရှိသေးဟု ပြောထားသည်။
ကျေးလက်ဒေသတို့တွင် တိုက်နယ်ဆေးရုံရှိသော်လည်း ဆရာဝန်ချထားမပေးနိုင်ခြင်းမှာ စီမံအုပ်ချုပ်မှု အားနည်းခြင်းကြောင့်ဟု ရခိုင်ပြည်သူများက ရှုမြင်ကြသည်။
“ဆရာဝန်မရှိဘဲနဲ့ တိုက်နယ်ဆေးရုံလုပ်တယ်ဆိုတာက သိပ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ အဲဒါက (ဆေးရုံ)ပေးတဲ့ အချိန်ကတည်းက သူ့အဆင့်နဲ့တူညီအောင် ဝန်ထမ်းတွေကို ပေးရမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ‘တိုက်နယ်ဆေးရုံတော့ ရှိတယ်၊ ဆရာဝန်မရှိဘူး’ ဆိုတာက ‘ပေးတော့ပေးတယ်၊ မရဘူး’ ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်အတွင်းက တိုက်နယ်ဆေးရုံများအနက် အချို့ဆေးရုံများတွင် ဆေးရုံဖွင့်လှစ်ချိန်ပင် ဆရာဝန်များ တာဝန်ကျမှုမရှိခြင်းနှင့် တာဝန်ကျဆရာဝန်များ ပြောင်းရွှေ့သွားသော်လည်း အစားထိုးမည့် ဆရာဝန် ရောက်မလာခြင်းကြောင့် ကုသရေးပိုင်း၌ လစ်ဟာနေရခြင်းဖြစ်သည်။
“ကျန်းမာရေးဌာနမှာ ဆရာဝန်ရှိရင်တော့ ဘယ်လိုပဲပြောပြော ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်တယ်။ အခုက ‘ဆရာဝန်လုံးဝမရှိ’ ဆိုတဲ့ အခြေအနေက အဲဒီတိုက်နယ်ဆေးရုံတွေဟာ ရုပ်ပြသက်သက်ပဲဖြစ်တယ်” ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်အချို့မှာ တာဝန်မှနှုတ်ထွက်၍ CDM လုပ်သွားကြသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုပြီးနည်းပါးလာသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ လစ်လပ်နေသဖြင့် ဆေးဝါးကုသရေးပိုင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ အခက်ကြုံနေရသဖြင့် ဆရာဝန်များ အမြန်ဆုံးချပေးရန် ဒေသခံများက တောင်းဆိုကြသည်။
ဆရာမဝန်မရှိ၍ ခင်ပွန်းဖြစ်သူ၏ အသက်ကို ဆုံးရှုံးလိုက်ရသည့် မြေပုံမြို့နယ်၊ ကြင်အင်းတောင်ကျေးရွာမှ ဒေါ်မခင်သိန်းကတော့ သူတို့ မိသားစုကဲ့သို့ အခြားလူများမဖြစ်ရအောင် ကျေးလက်ဒေသက တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ ချပေးစေချင်ကြောင်း ပြောသည်။
“ဆရာဝန် ကျစေချင်တယ်။ နောက်လူတွေ ကျမတို့လို မကြုံရအောင်အတွက်ပေါ့။ ဆေးကုသလို့ရရင်တော့ အဆင်ပြေတာပေါ့။ မရရင်တော့ သင်္ခါရ သဘောတရားပဲပေါ့”