- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ သိန်းနှင့်ချီရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်မားလျက်ရှိကြောင်း သိရသည်။
11 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၁
ချင်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်များမှာ ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်မှုနှင့်အတူ ကူးစက်မှုများလည်းရှိနေပြီး လက်ရှိတွင် သေဆုံးသူ ၄ ဦးအထိရှိ လာနေကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ဝမ်းရောဂါမှာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှစ၍ စတင်ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ပြီး ရောဂါပြင်းထန်မှုနှင့်အတူ အချိန်မီဆေးကုသခွင့်မရ၍ စစ်ဘေးရှောင်ကလေး ၃ ဦးနှင့် အသက်ကြီးပိုင်းတစ်ဦး သေဆုံးသွားခဲ့ရသည်ဟု အခမဲ့အွန်လိုင်း ဆေးခန်းဖြစ်သော ချင်းတယ်လီကျန်းမာ (Chin Telehealth) က ထုတ်ပြန်ထားသည်။
" ဒီလိုအချိန်ဆိုရင် အမြဲဖြစ်နေကြတာ။ အခုက ကူးစက်တာကနေ တဖြည်းဖြည်းများလာတာနဲ့ ဆေးဝါး မသောက်ရတော့ ပိုဆိုးသွားတယ်။ အဓိကတော့ ရေကြောင့်လို့ ထင်တယ်။ ဘာလို့ဆိုတော့ သူတို့က အဓိက တောင်ကျရေနဲ့ မြစ်ရေကို အသုံးပြုကြတာလေ။ အခုက ကာလဝမ်းပျက်၊ ဝမ်းလျှော့လား၊ မဟုတ်ဘဲ တခြားဝမ်းရောဂါလား ဆိုတာတော့ မသိရသေးဘူး" ဟု ထိုအခြေအနေကို သိရှိသူ ချင်းအမျိုးသားတစ်ဦးက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် ချင်းမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲကြား ဒေသခံများမှာ ရွှေ့ပြောင်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အိန္ဒိယ - မြန်မာနယ်စပ်ဒေသက နေရာအသီးသီးတွင် ခိုလှုံနေကြသည်။
စစ်ဘေးရှောင်များမှာ တောင်ကျရေများကို သောက်သုံးနေရခြင်း၊ နေထိုင်ရာအတည်တကျ မရှိ၍ ယင်လုံအိမ်သာ အသုံးမပြုနိုင်ခြင်းတို့ကြောင့် ဝမ်းရောဂါဖြစ်ပွားမှုမှာလည်း မြင့်တက်နေခြင်းဟု ကျန်းမာရေး အသိုင်းအဝိုင်းများက သုံးသပ်ကြသည်။
ထို့အပြင် ရောဂါဖြစ်ပွားမှုနှင့်အတူ ဆေးဝါးရှားပါးခြင်း၊ ငွေကြေးအခက်အခဲတို့ကြောင့် အချိန်မီဆေးဝါး ကုသခံယူမှု မရရှိသဖြင့် အသက်သေဆုံးမှုများအထိ ရှိလာနေခြင်းဖြစ်သည်။
"ရောဂါဖြစ်ပွားနေတာ အများကြီးရှိပါတယ်။ အခုတော့ ကျန်းမာရေး ဝန်ထမ်းတွေ လွှတ်ပြီးတော့ ကုသ ပေးနေပါတယ်" ဟု Chin Health Organization မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ သိန်းနှင့်ချီရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်မားလျက်ရှိကြောင်း သိရသည်။