- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
အသည်းရောင် အသားဝါ (အေ) ရောဂါ ဖြစ်ပွားမှုများရှိလာ၍ ကြိုတင်ကာကွယ်ရန် စစ်ကောင်စီ အသိပေး
အသည်းရောင် အသားဝါ (အေ) ရောဂါသည် အလယ်တကူ ကူးစက်တတ်ပြီး ကပ်ရောဂါအသွင် ဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရန်အတွက် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
03 Mar 2025

DMG ၊ မတ် ၃
မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ (အေ) ရောဂါဖြစ်ပွားမှုများရှိလာနေ၍ ကြိုတင်ကာကွယ်ကြရန် စစ်ကောင်စီက အသိပေး ပြောကြားလိုက်သည်။
အသည်းရောင် အသားဝါ (အေ) ရောဂါသည် အလယ်တကူ ကူးစက်တတ်ပြီး ကပ်ရောဂါအသွင် ဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရန်အတွက် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ အစောပိုင်းမှစ၍ ရန်ကုန်မြို့တွင် အသည်းရောင် အသားဝါ (အေ) ရောဂါ ဖြစ်ပွားမှုများ ရှိလာနေပြီး ကူးစက်ပျံ့ပွားမှုလည်းရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့မှ အသည်းရောင် အသားဝါ (အေ) ဖြစ်ပွားနေသူတစ်ဦးက "ကိုယ်တွေပူ အန်ပြီး ခေါင်းမူး၊ မျက်လုံးတွေ အဝါရောင်ဖြစ်လာလို့ ဆေးခန်းသွားပြတယ်။ ဆရာဝန်က ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်လို့ ပြောတယ်။ အသည်းရောင် အသားဝါလည်း ဖြစ်ဖူးတာမရှိတော့ နည်းနည်းလန့်နေတာ။ အခု ဒီရောဂါ ရန်ကုန်မှာ တော်တော် ပြန့်နေတယ်လို့ ပြောလို့ရတယ်။ လက္ခဏာတော်တော်များများ တူကြတယ်" ဟု ပြောသည်။
အဆိုပါ ရောဂါသည် အသည်းရောင် အသားဝါ ဗိုင်းရပ်စ် (အေ) ရောဂါ ပိုးကြောင့်ဖြစ်ပွားတတ်ပြီး အထူးသဖြင့် ကလေးငယ်များမှာ ပို၍ဖြစ်တတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထားသည်။
ကူးစက်မှုမှာလည်း ရောဂါရှိသူ၏ ခန္ဓာကိုယ်မှထွက်သော အညစ်အကြေးများပါရှိသည့် မသန့်ရှင်းသော အစားအသောက်များကို စားသောက်ခြင်း၊ ရောဂါပိုးရှိသည့်လူနာနှင့် အနီးသပ်ထိတွေ့ခြင်းပြုလုပ်လျှင် ကူးစက်လွယ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ မဌေးဌေးက "အသည်းရောင်အသားဝါ (အေ) ဆိုတဲ့ ရောဂါ အခု ရန်ကုန်မှာ အရမ်းဖြစ်လာကြတယ်။ အစားအသောက်က ကူးတယ်ဆိုလို့ လမ်းဘေးစာတွေတောင် မစားရဲတော့ဘူး။ ရုံးက အစ်ကို တစ်ယောက်ဆိုလည်း အဲဒီရောဂါကူးလို့ ဆေးရုံတင်လိုက်ရတယ်" ဟု ပြောသည်။
အသည်းရောင် အသားဝါ (အေ) ရောဂါဖြစ်ပွားပါက ဖျားခြင်း၊ မောပန်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောက်ခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အဆစ်အမြစ်များနာကျင် ကိုက်ခဲခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပေါပြီး ရောဂါပြင်းထန်လျှင် ရုတ်တရက်အသည်းပျက်စီးကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သတိပေးသည်။
ရခိုင်တွင်လည်း အဆိုပါရောဂါဖြစ်ပွားမှုများရှိနေကြောင်း သိရပြီး ရောဂါကူးစက်၍ လာရောက်ဆေးဝါးကုသမှု ခံယူသူများရှိနေသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
"ဒီရောဂါက အရက်သောက်တဲ့သူတွေလည်း ဖြစ်တယ်။ အခုတော့ ကလေးတွေလည်း ဖြစ်နေတယ်။ ခပ်စိပ်စိပ် ဖြစ်လာကြတယ်။ ပုံမှန် ဘီပိုး၊ စီပိုးတွေလို အသည်းရောင်အသားဝါဖြစ်တာမျိုးနဲ့ မတူဘူးပေါ့" ဟု ရခိုင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
အသည်းရောင် အသားဝါ (အေ) ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး သတိပြုခြင်း၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ ယင်နားစာများကို ရှောင်ခြင်း၊ ရေကို ဆူပွက်သည်အထိ ကျိုးချက်သောက်သုံးခြင်း (သို့မဟုတ်) ရေသန့်စင်ဆေးပြား အသုံးပြု သန့်စင်ထားသည့် ရေ (သို့မဟုတ်) FDA အသိအမှတ်ပြုထားသော ရေကိုသောက်သုံးရန် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ အကြံပြုထားသည်။
ရောဂါကူးစက်ခံရလျှင်လည်း အနားယူခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ ရေဓာတ်ပြည့်ဝအောင် နေထိုင်စားသောက်ခြင်း၊ ဆေးဝါးအကူအညီများဖြင့် နေထိုင်ပါက ရောဂါသက်သာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းထားကြသည်။