- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
- တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား
သွေးအလှူရှင် ရှာရခက်သဖြင့် ရမ်းဗြဲကျွန်းက အရေးပေါ် လူနာများ အခက်ကြုံ
ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသတို့တွင် သွေးအလှူရှင် ရှာရခက်သဖြင့် အရေးပေါ် လူနာများမှာ ကျန်းမာရေးကိစ္စတွင် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။
07 Feb 2025
![ဓာတ်ပုံ - ရွှေကရုဏာပရဟိတလူငယ်သွေးလှူရှင်များအသင်း](https://assets.dmediag.com/2025/2/Blood-Feb7.jpg)
DMG ၊ ဖေဖော်ဝါရီ ၇
ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသတို့တွင် သွေးအလှူရှင် ရှာရခက်သဖြင့် အရေးပေါ် လူနာများမှာ ကျန်းမာရေးကိစ္စတွင် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ယင်းဒေသရှိ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်လူနာများအတွက် ဆေးဝါးနှင့် သွေးလိုအပ်ချက်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
" ခွဲစိတ်ရမယ့် အရေးပေါ်လူနာတွေအတွက် သွေးအခက်အခဲက အမြဲတမ်း ရင်ဆိုင်ရတယ်။ တစ်ခါတလေ သွေးအလှူရှင် မရှိလို့ လူနာကို သုံး၊ လေးရက် စောင့်ဆိုင်းရတာမျိုးရှိတယ်။ အဲဒီလို အခါမျိုးဆို ကုသမှု နောက်ကျလို့ လူနာအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုလည်း မကြာခဏ ကြုံရတတယ် " ဟု ရမ်းဗြဲမြို့နယ်မှ သူနာပြုအမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသများတွင်လည်း ဆေးဝါးနှင့်အတူ သွေးလိုအပ်ချက်ကိုပါ ရင်ဆိုင်နေရပြီး အရေးပေါ် ခွဲစိတ်ရမည့် လူနာများကို အချိန်မီ ကုသရေးအတွက် အခက်အခဲရှိနေကြသည်။
လက်တလောတွင် ယင်းအခက်ခဲများကို ဖြေရှင်းရန် လူမှုရေးတက်ကြွလှုပ်ရှားသူများက သွေးအလှူရှင်များကို ရှာဖွေ၍ ကူညီမှုများရှိသော်လည်း လူနာရှင်အားလုံး အားထားရမည့် သွေးလှူရှင်အသင်းအဖွဲ့မျိုး ဖြစ်မြောက်ရန် စိန်ခေါ်မှုများရှိနေသည်။
" အဓိကတော့ အုပ်စုအဆင့်ရှိတဲ့ ကျေးရွာတွေနဲ့ တိုက်နယ်အဆင့်တွေမှာ သွေးလှူရှင်အသင်းတွေ ရှိထားမယ်ဆိုရင် ဒီပြဿနာတွေဟာ အတော်လေးအဆင်ပြေမယ်။ ဒါပေမဲ့ ဒီကာလမှာ လူတိုင်းက အခက်ခဲကိုယ်စီနဲ့ ရုန်းကန်နေရတာဆိုတော့ သူများကို ကူညီနိုင်ဖို့ အရေးထက် ကိုယ့်အရေးကိုတောင် မနည်းဖြေရှင်းနေရတယ်။ ဆိုတော့ ဒီလို သွေးအလှူရှင်အသင်းအဖွဲ့တွေ ဖြစ်လာဖို့က မနည်းကြိုးစားမှ ဖြစ်မှာပါ " ဟု ကျောက်ဖြူဒေသခံ သွေးအလှူရှင် အမျိုးသားတစ်ဦးက ပြောသည်။
ရမ်းဗြဲကျွန်းတွင် ရမ်းဗြဲနှင့် ကျောက်ဖြူ၊ မြို့နယ် ၂ ခုရှိသည်။ ယင်းအထဲမှ ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိ ကျောက်ဖြူမြို့နယ်တွင်လည်း ကျေးလက်နယ်မြေအများကို AA က ထိန်းချုပ်ထားသည်။
သိုသော်လည်း ရမ်းဗြဲကျွန်းရှိ ပင်လယ်ပြင် ဧရိယာတလျှောက်ကို စစ်ကောင်စီ၏ စစ်သင်္ဘောများက နေရာယူထားပြီး ဆေးဝါး၊ ရိက္ခာများကိုလည်း ဖြတ်တောက် ပိတ်ဆို့ထားသောကြောင့် ကျွန်းပေါ်က ဒေသခံများမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲနှင့် စားဝတ်နေရေး အကျပ်အတည်းများကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရသည်။