ပြီးခဲ့သော ၂၅ နှစ်အတွင်း အန္တာတိကတိုက်၏ ရေခဲလွှာ ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့

အန္တာတိကတိုက်၏ ရေခဲလွှာများသည် ပြီးခဲ့သော ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် အရည်ပျော်ကျခဲ့သဖြင့် ပင်လယ်ရေမျက်နှာပြင် မြင်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိပ္ပံပညာရှင်များက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ လူသားများဖန်တီးသည့် အပူဒဏ်များကြောင့် ယခုပမာဏအထိ အရည်ပျော်ခဲ့ရခြင်း ဖြစ်နိုင်သည်ဟုလည်း ပညာရှင်များက ပြောကြားသည်။

By Admin 13 Oct 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၃
အန္တာတိကတိုက်၏ ရေခဲလွှာများသည် ပြီးခဲ့သော ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် အရည်ပျော်ကျခဲ့သဖြင့် ပင်လယ်ရေမျက်နှာပြင် မြင်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိပ္ပံပညာရှင်များက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ လူသားများဖန်တီးသည့် အပူဒဏ်များကြောင့် ယခုပမာဏအထိ အရည်ပျော်ခဲ့ရခြင်း ဖြစ်နိုင်သည်ဟုလည်း ပညာရှင်များက ပြောကြားသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ဝေသည့် ရှေ့ပြေးသိပ္ပံဂျာနယ် (Science Advances) တွင် ဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်၌ ပညာရှင်များက ယခုကဲ့သို့ သုံးသပ်ထားခြင်းဖြစ်သည်။
ရေခဲလွှာများသည် အန္တာတိကတိုက်၏ ရာခိုင်နှုန်းအများစုကို ဖုံးလွှမ်းထားသည့် ရေခဲတောင်များ၏ အစွန်းတွင် တည်ရှိသလို တိုက်ပတ်ပတ်လည်ရှိ ပင်လယ်ရေပြင်ကို ဝန်းရံကာ မျောပါနေကြခြင်း ဖြစ်သည်။ ရေခဲတောင်များမှ ရေခဲမြစ်များ အရည်ပျော်ပြီး သမုဒ္ဒရာတွင်းသို့ စီးဝင်သည့် အရှိန်ကို အဆိုပါရေခဲလွှာများက တည်ငြိမ်အောင် ထိန်းထားပေးသည်။
အဆိုပါရေခဲလွှာများ ကျုံ့လာသည်နှင့်အမျှ တည်ငြိမ်မှုဟန်ချက်သည်လည်း အားနည်းလာကာ ရေခဲတောင်များ အရည်ပျော်ကျနှုန်းသည်လည်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
ပညာရှင်များသည် ဂြိုဟ်တုဓာတ်ပုံ တစ်သိန်းကျော်မှတစ်ဆင့် အန္တာတိကတိုက်ရှိ ရေခဲလွှာ ၁၆၂ လွှာကို လေ့လာခဲ့ကြသည်။ ၎င်းတို့အနက် ၇၁ လွှာသည် ၁၉၉၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အရည်ပျော်ကျခဲ့သည်ကို ပညာရှင်များက တွေ့ရှိခဲ့သည်။
“ရေခဲလွှာများ ပျော်ဆင်းမှုနှင့်အတူ ရေခဲတောင်များ ပုံစံပြောင်းလာသည့်အတွက် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်သည် ယခုလေ့လာချက် ပြုလုပ်ခဲ့သည့် အချိန်အတွင်း ၆ မီလီမီတာနီးပါး မြင့်တက်ခဲ့သည်” ဟု လေ့လာမှုကို ဦးဆောင်သည့် ဗြိတိန် လစ်စ်တက္ကသိုလ်မှ သုတေသီ ဘင်ဂျမင်ဒေဗီဆင်က ပြောကြားသည်။
အန္တာတိကရေခဲလွှာများ အရည်ပျော်မှုသည် ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်မှုစုစုပေါင်း၏ ၈ ရာခိုင်နှုန်းနှင့်သာ သက်ဆိုင်သည် ဆိုသော်လည်း အဆိုပါတိုက်မှ ရေခဲလွှာများသာ ဆက်လက်အရည်ပျော်နေမည် ဆိုပါက နောင်အနာဂတ်တွင် ပမာဏ ပိုမိုများပြားစွာ နေရာယူလာမည်ဟု ဘင်ဂျမင်ဒေဗီဆင်က အေအက်ဖ်ပီသို့ ပြောကြားသည်။

ဗီဒီယိုများ