ဂျပန်ကို ရန်စနေသည့် တရုတ်ဒရုန်းကျူးကျော်မှုများ

မဟာဗျူဟာအဆင့်အနေဖြင့် တရုတ်၏မောင်းသူမဲ့ လေယာဉ်ဖြန့်ကျက်မှုသည် အရှေ့တရုတ်ပင်လယ်တွင် ပဋိပက္ခဖြစ်ပွားပါက ဂျပန်နှင့်ထိုင်ဝမ်တို့ကို လက်ဦးမှုရယူနိုင်ရန်နှင့် အမေရိကန်နှင့်၎င်း၏မဟာမိတ်များထက် သတင်းအချက်အလက် သာလွန်ကောင်းမွန်မှုကို ရရှိရန် ရည်ရွယ်သည်။

By Admin 13 Jan 2023

ဂျပန်ကို ရန်စနေသည့် တရုတ်ဒရုန်းကျူးကျော်မှုများ

တရုတ်ဒရုန်း WZ-7 တစ်စီး။ ဓာတ်ပုံ - Facebook

တရုတ်သည် ပိုင်နက်အငြင်းပွားနေသည့် အရှေ့တရုတ်ပင်လယ် ရေပြင်၌ မောင်းသူမဲ့ဒရုန်းယာဉ် ပျံသန်းမှုများ အများအပြား ရှိလာနေပြီး ဤလုပ်ရပ်က အိမ်နီးချင်းနိုင်ငံများနှင့် နယ်မြေအရေး ထိပ်တိုက်တွေ့မှုများ ပိုမြင့်တက်လာစေသလို ဂျပန်ကိုလည်း လက်နက်ပြိုင်ဆိုင် တပ်ဆင်မှုများ ပြုလုပ်လာအောင် တွန်းအားပေးလျက်ရှိသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ WZ-7  ကင်းထောက်ဒရုန်းများကို အရှေ့တရုတ်ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ထောက်လှမ်းတွေ့ရှိခဲ့ရပြီး ၄င်းအား တုံ့ပြန်သည့်အနေဖြင့် ဂျပန်က ၎င်း၏ F-15J တိုက်လေယာဉ်များအား အဆိုပါ မောင်းသူမဲ့လေယာဉ်ကို ချေမှုန်းပစ်ရန် အမိန့်ပေးခဲ့ကြောင်း Warzone သတင်းဌာန၏ အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံ၏ WZ-7 မောင်းသူမဲ့လေယာဉ်များသည် တောင်ပံ ၂၃ မီတာ၊ လည်ပတ်မှုမျက်နှာပြင်အကျယ် မီတာ ၁၈ဝဝဝ ရှိပြီး အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၇၅၀ ရှိကြောင်း အာရှစစ်ရေးသုံးသပ်ချက် ဆောင်းပါးတစ်ခုအရ သိရသည်။  WZ-7 သည် အမြင့်ဆုံး အလေးချိန် ၆၅၀ ကီလိုဂရမ်ကို တင်ဆောင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ ၇၀၀၀ အထိသွားရောက်နိုင်သည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။

တရုတ် WZ-7 မောင်းသူမဲ့လေယာဉ်တစ်စီးသည် ဂျပန်နိုင်ငံ အိုကီနာဝါနှင့် မီယာကိုဂျီမာကျွန်းများကြား ဇန်နဝါရီ ၁ ရက်က အရှေ့တရုတ်ပင်လယ်ထဲသို့ ပျံသန်းခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆာကီရှိမားကျွန်းများ၏ တောင်ဘက်သို့ ပျံသန်းပြီးနောက်  အဆိုပါ မောင်းသူမဲ့လေယာဉ်သည် လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်သွားခဲ့ပြီးနောက် အရှေ့တရုတ်ပင်လယ်သို့ မပြန်မီ အိုကီနာဝါနှင့် မီယာကိုဂျီမာကြား ပျံသန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ လျောင်နင်လေယာဉ်တင် စစ်သင်္ဘောသည် အန်ရှန်နှင့် ဝူရှီ Type 055 စစ်သင်္ဘောများ၊ Type 052D ချန်ဒူဖျက်သင်္ဘော၊ Type 054A ကျောင်ကျွမ် အစောင့်လိုက်စစ်သင်္ဘောငယ်နှင့် Type 901 အမြန်တိုက်ခိုက်ရေး ဟူလွမ်ဟူ တိုက်ပွဲတွင်းအမြန်ထောက်ပံ့ရေး သင်္ဘောတို့နှင့်အတူ ထိုနေ့တွင်ပင် မီယာကိုရေလက်ကြားကို ဖြတ်သွားခဲ့သည်ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် နောက်ထပ် WZ-7 ဒရုန်းတစ်စီးသည် ယခင်နေ့ကျုးကျော်မှုများကဲ့သို့ အလားတူလမ်းကြောင်းအတိုင်း ပျံသန်းခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ထပ် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားသည်။

စစ်ဆင်ရေးအဆင့်တွင် မောင်းသူမဲ့လေယာဉ် ဖြန့်ကျက်မှုသည် အိုကီနာဝါနှင့် မီယာကိုဂျီမာတို့တွင် တရုတ်နိုင်ငံ၏ ရေတပ်ဖြန့်ကျက်မှုများအတွက် သတင်းအချက်အလက်များရရှိရေး၊ ထောက်လှမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း(ISR)လုပ်ငန်းစဉ် တို့အား ပံ့ပိုးမှုပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။

တရုတ်ရေတပ်သင်္ဘော လျောင်နင်ကဦးဆောင်ပြီး Type 055 လာဆာ စစ်သင်္ဘော၊ Type 052D ခိုင်းဖန် ဖျက်သင်္ဘော၊ Type 903 ထို်င်ဟူ ဖြည့်တင်းသင်္ဘောနှင့် သင်္ဘောကိုယ်ထည်နံပါတ် 796 အီလက်ထရွန်နစ် ကင်းထောက်သင်္ဘောတို့ ပါဝင်သော ရေယာဉ်အုပ်စုသည် အဆိုပါရေပြင်တွင်ပင် တရုတ်၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လေယာဉ်တင်သင်္ဘောများ အုပ်စုလိုက်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း မကြာသေးခင်ကပင် အေးရှားတိုင်းမ်က ဖော်ပြခဲ့သည်။ အဆိုပါရေယာဉ်စုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အိုကီနာဝါနှင့် မီယာကိုရေလက်ကြားကိုဖြတ်ကာ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ခဲ့သည်။

တရုတ်၏ တပ်ဖြန့်မှုများသည် စွမ်းအင်ချွေတာခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် တိုက်ပွဲဝင်လေယာဉ်တင်သင်္ဘောများအုပ်စု ဖြန့်ကျက်မှုကို အင်အားဖြည့်တင်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။ ၂၀၁၉ ခုနှစ်ကထွက်ရှိ််သော Unmanned Aircraft Systems in the Cyber Domain: Protecting USA's Advanced Air Assets စာအုပ်တွင်  ရန်ဒယ်နစ်ကိုးနှင့် အခြားစာရေးဆရာများက People's Liberation Army-Navy (PLA-N)၏ ထိုအချိန်က တီထွင်မှုများဖြစ်သည့် S-100၊ ASN-209၊ BZK-005 နှင့် GJ-1 UAV များသည် လေယာဉ်တင်သင်္ဘောများပေါ်မှ လွှတ်တင်နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့ကို မြေပြင်အခြေစိုက် စစ်ဆင်ရေးများတွင် အသုံးပြုရန် ကန့်သတ်ထားသည်ကို မှတ်ချက်ပြုခဲ့ကြသည်။

သြစတြေးလျနိုင်ငံလုပ် S-100 မောင်းသူမဲ့ ရဟတ်ယာဉ်သည် ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်ပြီး သင်္ဘောကုန်းပတ်များတွင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်းနှင့် အရှေ့တရုတ်ပင်လယ်နှင့် ကပ်လျက်တို့တွင် စစ်အခြေစိုက်စခန်းများ နေရာချထားသည့် အစီအစဉ်များအစား တရုတ်နိုင်ငံက မောင်းသူမဲ့လေယာဉ်များ လွှတ်တင်ခြင်းကို ရွေးချယ်ခဲ့သည်ဟုလည်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း ယခုအခါ တရုတ်သည် လေယာဉ်တင်သင်္ဘောများပေါ်မှ လွှတ်တင်နိုင်သော ဒရုန်းများကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် South China Morning Post (SCMP) က တရုတ်၏ ဒုတိယလေယာဉ်တင်စစ်သင်္ဘော ရှန်ဒုံသည် ပြုပြင်ထိန်းသိမ်းမှုပြုလုပ်နေစဉ်အတွင်း ၎င်း၏လေယာဉ်ကုန်းပတ်ပေါ်တွင် ပုံသေတောင်ပံ မောင်းသူမဲ့လေယာဉ်များနှင့်အတူ တွေ့ရှိခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ရှန်ဒုံလေယာဉ်တင်စစ်သင်္ဘောတွင် မြင်တွေ့ရသော ဒရုန်းများသည် တာဝေးပျံသန်းနိုင်သော စွမ်းရည်များ နည်းပါးသော်လည်း ရှာဖွေရေးနှင့် ထောက်လှမ်းရေး မစ်ရှင်များတွင် ၎င်း၏ သယ်ဆောင်သူအား တိုက်ပွဲအုပ်စု၏ အခြေအနေဆိုင်ရာ သတိပြုမိမှုကို မြှင့်တင်ပေးနိုင်ကြောင်းကို တရုတ်အစိုးရ၏ အာဘော် Global Times က ထိုလတွင်ပင် ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင်မူ WZ-7 ကဲ့သို့သော ဒရုန်းယာဉ်ကြီးများသည် တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေစိုက် ဒရုန်းများ မလုပ်ဆောင်နိုင်သေးသည့် တာဝေးရေကြောင်း စောင့်ကြည့်ထောက်လှမ်းမှုကို ပေးစွမ်းနိုင်သည်။

ဒရုန်းပျံသန်းမှုများသည် အိုကီနာဝါ၊ မီယာကိုဂျီမာနှင့် ဆာကိရှိမား ကျွန်းစုများကို လွှမ်းခြုံကာ နန်စိမ်း ကျွန်းစုတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်မည့် ဂျပန်၏ အစီအစဉ်သစ်ကို တုံ့ပြန်မှုတစ်ခုလည်း ဖြစ်နိုင်သည်။ ထို့အပြင် တရုတ်၏ မကြာသေးမီက ဒရုန်းပျံသန်းမှုများသည် ရေပြင်ရှိ တရုတ်စစ်သင်္ဘောများကို ခြိမ်းခြောက်နိုင်သည့် ဒုံးကျည်ဘက်ထရီများအတွက် တည်ရှိနိုင်ခြေရှိသောတည်နေရာများကို မြေပုံထုတ်ရန်အတွက် ထောက်လှမ်းသည့်လုပ်ငန်းစဉ်များလည်း ဖြစ်နိုင်သည်။

အခြားဖြစ်နိုင်ချေတစ်ခုမှာ ၎င်းတို့၏ မကြာခဏကျုးကျော်မှုများအပေါ် ဂျပန်၏တုံ့ပြန်မှုကို စမ်းသပ်ရန်နှင့် တိုင်းတာရန် ရည်ရွယ်ခြင်းဖြစ်သည်။ တွက်ချက်မှုမှားယွင်းခြင်း၊ မတော်တဆထိခိုက်မှုများ၊ များပြားလာသည့် လေယာဉ်ထိခိုက်ပျက်စီးမှုများ၊ လေယာဉ်မှူးနှင့် မြေပြင်အမှုထမ်းများ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဝန်ပိစေသောပြုပြင်ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးများကို ဖြစ်ပေါ်လာနိုင်စေသော ရေရှည်မတည်တံ့နိုင်သည့် လုပ်ဆောင်မှုများကို တွန်းအားပေးခြင်းဖြင့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်လာနိုင်စေသော တစ်စတစ်စအားလျော့လာသည့် တရုတ်၏ ဝေဟင်မှ ဂျပန်ကို တိုက်ခိုက်သည့် မဟာဗျူဟာကို အေးရှားတိုင်းမ်က မကြာသေးခင်က ဖော်ပြခဲ့သည်။

မဟာဗျူဟာအဆင့်အနေဖြင့် တရုတ်၏မောင်းသူမဲ့ လေယာဉ်ဖြန့်ကျက်မှုသည် အရှေ့တရုတ်ပင်လယ်တွင် ပဋိပက္ခဖြစ်ပွားပါက ဂျပန်နှင့်ထိုင်ဝမ်တို့ကို လက်ဦးမှုရယူနိုင်ရန်နှင့် အမေရိကန်နှင့်၎င်း၏မဟာမိတ်များထက် သတင်းအချက်အလက် သာလွန်ကောင်းမွန်မှုကို ရရှိရန် ရည်ရွယ်သည်။

၂၀၂၀ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သော အပြန်အလှန်သုံးသပ်ထားသည့်  နိုင်ငံတကာ လေ့လာရေး ဂျာနယ်တွင် ပါဝင်သော ဆောင်းပါးတွင် WZ-7 ကဲ့သို့သော ဒရုန်းများ၏ စျေးသက်သာပြီး စွန့်ပစ်ဖျက်ဆီးရလွယ်ကူသည့် အချက်များက  အငြင်းပွားနေသော ရေပိုင်နက်နယ်မြေများတွင် တရုတ်အား ပိုမိုရဲတင်းသော ထောက်လှမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း(ISR) လုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ပြုလျက်ရှိသည်ဟု ဝန်ကျုံးဟွမ်က ရေးသားခဲ့သည်။ ဒရုန်းများ ပါဝင်ပတ်သက်နေသည့် တရုတ်နှင့်ဂျပန်ကြား အလားတူ ယခင်တင်းမာမှုများသည် ပိုမိုသိသာထင်ရှားသော ပဋိပက္ခဖြစ်စေရန်အတွက် စံနမူနာတစ်ခုဖြစ်ကြောင်းကိုလည်း ဝန်ကျုံးဟွမ်က မှတ်ချက်ပြုခဲ့သည်။

ဂျပန်လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် မည်သည့် မောင်းသူမဲ့လေယာဉ်မဆို ထွက်ခွာရန် ငြင်းဆိုပါက ပစ်မှတ်အဖြစ်သတ်မှတ်ရန် အကျုံးဝင်မည်ဟု ၂၀၁၃ ခုနှစ် ထိတွေ့ဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းအသစ်အရ ဂျပန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်ဟု ဝန်ကျုံးဟွမ်က ရေးသားခဲ့သည်။ တရုတ်၏ မောင်းသူမဲ့လေယာဉ်များအား ဂျပန်က မည်သို့သော ကြားဖြတ်ဟန့်တားမှုမျိုးကိုမဆို ပြုလုပ်ခြင်းမျိုးကို စစ်ပွဲဆိုင်ရာဆောင်ရွက်ချက်အဖြစ် ယူဆနိုင်ကြောင်း တရုတ်က ပြန်လည်တုံ့ပြန်ခဲ့သည်။

ပုံသေနှင့် ရွှေ့လျားနေသောပစ်မှတ်များအတွက် ထောက်လှမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း(ISR) လုပ်ငန်းစဉ်များအပါအဝင် ထိုင်ဝမ်ကို ထောက်လှမ်းရန်အတွက် တရုတ်သည် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုထားကြောင်းလည်း ဝန်ကျုံးဟွမ်က မှတ်ချက်ပြုထားသည်။ ထိုင်ဝမ်ရေလက်ကြားတွင် ကင်းလှည့်နေသော အမေရိကန် စစ်သင်္ဘောများအား နောက်ယောင်ခံရန်အတွက်လည်း တရုတ်က မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနိုင်ကြောင်းကိုလည်း ဝန်ကျုံးဟွမ်က ပြောကြားသည်။

အရှင်းဆုံးပြောရမည်ဆိုပါက အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ ဒရုန်းများကို လွန်ကျူးစွာအသုံးပြုခြင်းက ဂျပန်နှင့် ထိုင်ဝမ်တို့အား ကိုယ်ပိုင်တာဝေးပစ် ဒရုန်းများကို ပိုင်ဆိုင်လာစေရန်အတွက် လှုံ့ဆော်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါအချက်များက တူညီသောအားသာချက်များကို ရရှိပိုင််ဆိုင်စေနိုင်သော်လည်း ဒရုန်းလက်နက်ပြိုင်ပွဲ သို့မဟုတ် အရှိန်မြှင့်လာခြင်း၏ တူညီသောအန္တရာယ်များကို ယူဆောင်လာနိုင်သည်၏ဟု ဝန်ကျုံးဟွမ်က သတိပေးထားသည်။

၂၀၂၂ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံသည် တရုတ်၏ WZ-7 ကဲ့သို့ တာဝေးပစ်အမျိုးအစားတွင် အကြမ်းဖျင်းအားဖြင့် တူညီမှုရှိသော RQ-4B Global Hawk UAVs သုံးစင်းအနက်မှ တစ်စင်းကို ပထမဆုံးရရှိခဲ့သည်။

ထိုင်ဝမ်သည် ထောက်လှမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း(ISR)လုပ်ငန်းစဉ်များ နှင့် တိုက်ခိုက်ရေး ရည်ရွယ်ချက်များအတွက် မောင်းသူမဲ့လေယာဉ်များကို တီထွင်လျက်ရှိသည်။ Asia Times သည် ထန်ယွန် 2 လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်၊ အဲဘက်ထရော့စ် နှင့် ကာဒီနယ် ISR ထောက်လှမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း (ISR) လုပ်ငန်းစဉ်များအတွက် မောင်းသူမဲ့လေယာဉ်များ နှင့် ထန်ယွန်နှင့် ချန်ရှန့်ကဲ့သို့ ပစ်မှတ်အား စောင့်ဆိုင်းပစ်ခတ်သည့် လက်နက်လောင်စာများပါရှိသော ထိုင်ဝမ်၏ မောင်းသူမဲ့လေယာဉ် အစရှိသည်များ ပါဝင်သည့် ပရောဂျက်များကို အေးရှားတိုင်းမ်က မကြာသေးမီက အစီရင်ခံတင်ပြခဲ့သည်။

လင်းစုကို 
Asia Times တွင်ဖော်ပြထားသော China drone incursions drop a gauntlet on Japan ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

ဗီဒီယိုများ