အစ္စရေး-ဟားမားစ် ပဋိပက္ခဆီ ကမ္ဘာကြီး အာရုံပြောင်းသွားတာ ပူတင်အတွက် အခွင့်အရေး

အစ္စရေး ထောက်လှမ်းရေးတွေ အာရုံကျမလာအောင် ဟားမားစ်တို့ အသုံးပြုခဲ့တဲ့ တန်ပြန်ထောက်လှမ်းရေး နည်းနာတွေဟာလည်း အီရန်ဆီကရတာ ဖြစ်နိုင်ပါတယ်။ ရုရှားဟာ ထောက်လှမ်းရေးနည်းနာတွေကို ကမ္ဘာတစ်ဝန်းမှာ ရောင်းချနေတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အီရန်ရဲ့ တန်ပြန်ထောက်လှမ်းရေး ဟာလည်း ရုရှားရဲ့နည်းနာတွေနဲ့ ဆောင်ရွက်တာ ဖြစ်နိုင်ပြန်ပါတယ်။

By Admin 18 Oct 2023

ဓာတ်ပုံ - AFP, Reuters
ဓာတ်ပုံ - AFP, Reuters

လင်းခိုင် ဘာသာပြန်ပါတယ်။

ယူကရိန်းပဋိပက္ခမှာ အချိန်ကာလဟာ ရုရှားအတွက် မဟာမိတ်ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးနှုန်းကို လျှော့ချဖို့လိုသလို တစ်ချိန်တည်းမှာပဲ အဆိုပါနယ်မြေတွေမှာ စစ်ဆင်ရေးတွေကို ကြာနိုင်သမျှကြာကြာ အချိန်ဆွဲထားနိုင်ဖို့ လိုအပ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် အဓိက အကျိုးဖြစ်စေမယ့် အချက်ကတော့ ယူကရိန်းနိုင်ငံ ရရှိနေတဲ့ လက်နက်အကူအညီတွေ ရပ်တန့်သွားမယ့်အရေးပါပဲ။ ဒီလိုရပ်တန့်မှုနဲ့အတူ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့က ကတိကဝတ်ပြုထားတဲ့ စစ်ရေးအကူအညီတွေ မှေးမှိန်သွားမယ့်အရေးလည်း ပါဝင်ပါတယ်။ ယူကရိန်းရဲ့ မဟာမိတ်တွေကို အာရုံပြောင်းသွားစေနိုင်တဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲဟာ ဒီရလဒ်ကို ထုတ်ပေးနိုင်ခြေ ရှိနေပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က ဟားမားစ်တို့ အစ္စရေးကိုဝင်တိုက်တဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုကတော့ သံတမန်ရေးရာ အလေးထားမှုပိုင်းမှာ အာရုံပြောင်းသွားပြီဖြစ်ပါတယ်။

ဒီပဋိပက္ခကြောင့် စစ်လက်နက်ကိရိယာတွေဟာလည်း ယူကရိန်းထက် အရှေ့အလယ်ပိုင်းဆီ လမ်းကြောင်းပြောင်းသွားနိုင်ခြေ ရှိနေပါတယ်။ ဒီလို လက်နက်လမ်းကြောင်း ပြောင်းသွားမှု ဘယ်အတိုင်းအတာအထိ ကြီးမားသလဲ ဆိုတာကတော့ ဂါဇာကို အစ္စရေးတို့ သိမ်းပိုက်ဖို့ ကြိုးစားမှာလား ဆိုတဲ့အချက်အပေါ် မူတည်နေပါတယ်။

စစ်ပွဲတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် ကိယက်ဗ်မဟာမိတ်တွေရဲ့ ယူကရိန်းစစ်ပွဲအပေါ် ရေရှည် အသုံးစရိတ်တွေဟာလည်း တစ်အား လျော့သွားဦးမှာပါ။ ဒီအချက်ကလည်း ဖြစ်နိုင်ခြေ အလားအလာ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခ ပိုမိုကျယ်ပြန့်လာရင်၊ တရုတ်က ဒီအခွင့်အရေးကို အသုံးချပြီး ထိုင်ဝမ်ကို ဝင်တိုက်ရင်လည်း နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ လက်ရှိ ယူကရိန်း ရင်ဆိုင်နေရတာတွေထက် ပိုအလေးသာသွားမှာ ဖြစ်လို့ပါ။

အပြိုင်အဆိုင် ဆက်ဆံရေးတွေကြားက ရုရှား

အစ္စရေး-ဟားမားစ် ပဋိပက္ခအပေါ်ထားတဲ့ ရုရှားရဲ့ သံတမန်ရေးရာ သဘောထားဟာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ရုရှားဟာ သမိုင်းကြောင်းအရ အစ္စရေးအပေါ် ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ယူကရိန်းကျူးကျော်စစ်အပေါ် သူ့ရဲ့ဝေဖန်မှုတွေကို လေသံပျော့ပျော့နဲ့ပဲ ပြောပါတယ်။

မကြာသေးမီ အချိန်တွေမှာတော့ ရုရှားဟာ စစ်လက်နက်တွေ ဝယ်ယူဖို့ ကြိုးပမ်းရာကနေ အီရန်အပေါ် ပိုမိုနွေးထွေးတဲ့ဆက်ဆံရေးတွေ ရှိလာပါတယ်။ ဒါပေမဲ့ အီရန်ဟာ အစ္စရေးကို တိုက်ခဲ့တဲ့ ဟားမားစ်တို့ကို လက်နက်ထောက်ပံ့နေတဲ့ ရင်းမြစ် ဖြစ်နို်င်ခြေရှိနေပါတယ်။ အစ္စရေးကို ဝင်တိုက်ဖို့၊ နယ်စပ်က အာရုံခံကိရိယာတွေကို နှောင့်ယှက်ဖို့၊ အဝေးထိန်း စောင့်ကြည့်ကိရိယာတွေကို လျှပ်စစ်လှိုင်းနဲ့ ဖြတ်တောက်ဟန့်တားဖို့၊ အစ္စရေးရဲ့ သံမဏိကွန်ချာ (Iron Dome) လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ဖို့ ဟားမားစ်တို့ အသုံးပြုခဲ့တဲ့ ကိရိယာတွေဟာ အီရန်ဆီကရတာ ဖြစ်နိုင်ပါတယ်။

အစ္စရေး ထောက်လှမ်းရေးတွေ အာရုံကျမလာအောင် ဟားမားစ်တို့ အသုံးပြုခဲ့တဲ့ တန်ပြန်ထောက်လှမ်းရေး နည်းနာတွေဟာလည်း အီရန်ဆီကရတာ ဖြစ်နိုင်ပါတယ်။ ရုရှားဟာ ထောက်လှမ်းရေးနည်းနာတွေကို ကမ္ဘာတစ်ဝန်းမှာ ရောင်းချနေတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အီရန်ရဲ့ တန်ပြန်ထောက်လှမ်းရေး ဟာလည်း ရုရှားရဲ့နည်းနာတွေနဲ့ ဆောင်ရွက်တာ ဖြစ်နိုင်ပြန်ပါတယ်။

ရုရှားဟာ အလွှာစုံသံတမန် ဆက်ဆံရေးကို ကျင့်သုံးလာတာ ကြာပါပြီ။ အရှေ့အလယ်ပိုင်းက အပြိုင်အဆိုင် နိုင်ငံတွေအကြားမှာ၊ ဒီထက်ပိုရင် စစ်ပြိုင်နိုင်ငံတွေကြားမှာ ရုရှားဟာ အပြုသဘောဆောင်တဲ့ ကြားဆက်ဆံရေးနဲ့ နေခဲ့သလို ဒီအတိုင်းပဲ ဆက်နေဦးမှာပါ။ ဒါတွေကြားမှာ ရုရှားအတွက် အကျိုးအမြတ် မရဘဲတော့ မနေပါဘူး။

ဗလာဒီမာပူတင်ရဲ့ အကြံအဖန်တွေ ထွက်လာပြီလား

ပူတင်ဟာ လူရှေ့သူရှေ့မှာ ပြောင်ပြောင်တင်းတင်း ပုန်းလျှိုးတတ်တဲ့သမိုင်း ရှိသူပါ။ (နီးကပ်လွန်းလို့ လူတွေ မျက်စိသျှမ်းပြီး မမြင်လိုက်ဘူး ဖြစ်သွားတတ်တဲ့ သဘောမျိုးပါ။) သူလုပ်ချင်တာတွေကို ထုတ်ပြောတယ်၊ လူတွေက သူ့စကားတွေကို ပေါက်ပေါက်ဖောက်တယ် အာချောင်တယ်လို့ မြင်တယ်။ ဒါပေမဲ့ လက်တွေမှာတော့ သူဟာ သူ့အကြံတွေကို အမှန်တကယ် ထုတ်ပြောနေတာ၊ ဘယ်နှစ်ချက်လောက် အကောင်အထည်ဖော်နိုင်မလဲ ကြံဆနေတာဖြစ်ပါတယ်။

ကမ္ဘာ့မီဒီယာအများစု သတိမထားမိလိုက်တဲ့ ကိစ္စရပ်တစ်ခုက ဗာဒေး (Valdai) လို့သိကြတဲ့ ရုရှား နှစ်ပတ်လည် လုံခြုံရေးကွန်ဖရင့်ပါ။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒီကွန်ဖရင့်မှာ ပူတင်ဟာ မိန့်ခွန်းပြောခဲ့ပါတယ်။ မိန့်ခွန်းမှာ ပူတင်ဟာ “လူ့အဖွဲ့အစည်းအခြေပြု ချဉ်းကပ်မှု” အပေါ်မှာ မူတည်ဖွဲ့စည်းထားတဲ့ ကမ္ဘာ့အစီအစဉ်သစ်တစ်ရပ် ဖန်တီးလိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီနည်းအားဖြင့် ဒေသတွင်း မတူကွဲပြားမှုတွေ၊ ဘုံအကျိုးတူညီတဲ့ အသိုင်းအဝိုင်းတွေကို အသိအမှတ်ပြုပေးနိုင်မယ့်သဘော ဖြစ်ပါတယ်။

သမ္မတပူတင် ပါးပါးလေး လေသံထပ်ခဲ့တာကတော့ အိန္ဒိယရဲ့ ချဉ်းကပ်မှုပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို အလေးထားတဲ့ ဒီချဉ်းကပ်မှုအရ ရုပ်ပိုင်ဆိုင်ရာပတ်ဝန်းကျင်၊ ဒီအထဲက လူထုနဲ့ အသိုင်းအဝိုင်းကို အထောက်အကူပြုတဲ့ ဖွဲ့စည်းပုံတစ်ရပ်အဖြစ် သတ်မှတ်တဲ့သဘော ဖြစ်ပါတယ်။ ပူတင်ရဲ့လေသံဟာ အစ္စရေး သမဝါယမ လယ်ယာလုပ်ငန်းရဲ့ စရိုက်လက္ခဏာ ကိုလည်း ထင်ဟပ်ပါတယ်။ သာတူညီမျှမှု၊ တူညီိတဲ့ သရုပ်သကန်၊ အသိုင်းအဝိုင်းအပေါ် သစ္စာစောင့်သိမှုနဲ့ အတူတကွကြိုးပမ်းအားထုတ်မှု တို့အပေါ် အခြေခံထားတဲ့ လုပ်ငန်းပုံစံဖြစ်ပါတယ်။

ဒါဟာ အနောက်နိုင်ငံတွေရဲ့ တစ်ဦးချင်းအားထုတ်မှုအပေါ် အခြေပြုတဲ့ ပုဂ္ဂလဝါဒ (Individualism) ကို အတိအလင်း ဆန့်ကျင်လိုက်တာဖြစ်သလို ရုရှားမှာ ရဲဘော်ရဲဘက်စိတ် ရှိတယ်ဆိုပြီး ဖွံ့ဖြိုးဆဲကမ္ဘာကြီးကို အချက်ပြလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။

သူ့ရဲ့မိန့်ခွန်းမှာ ပူတင်က ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အပြုသဘောနဲ့ ကူညီဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ ထည့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေဟာ အနောက်အုပ်စုရဲ့ လိုအင်ဆန္ဒနဲ့ စံချိန်စံညွှန်းတွေကို နာခံမှုအဖြစ်သာ ရှုမြင်ခံခဲ့ရတယ်လို့ သူကဆိုပါတယ်။

ကမ္ဘာကြီးဟာ အနောက်ရဲ့ ကိုယ်ကျိုးရှာစီးပွားရေး ပုံစံနဲ့ အိုင်ဒီယိုလိုဂျီပိုင်း စိုးမိုးခြယ်လှယ်မှု ပုံစံတွေအတိုင်း နောက်မြီးဆွဲ လိုက်နေမယ့်အစား ကမ္ဘာကြီးအတွက် ပါဝါရင်းမြစ် အများအပြားနဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံနည်းလမ်း အများအပြား လိုအပ်နေတယ်လို့လည်း ပူတင်က ဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ကို လက်ကမ်းကြိုရမယ့် ပါဝါအပြောင်းအလဲတွေ၊ ကမ္ဘာ့အမြင်သစ်တွေအဖြစ် သူက ညွှန်းဆိုပါတယ်။ ပူတင်ရဲ့ ‘လူ့အဖွဲ့အစည်းအခြေပြု ချဉ်းကပ်မှု’ အမြင်အရ ဆိုရင်တော့ ယူကရိန်းအပေါ် သူ့ရဲ့ကျူးကျော်မှုဟာ နယ်မြေပိုင်ဆိုင်ဖို့အတွက် မဟုတ်ပါဘူး။ မြောက်အတ္တလန္တိတ်စာချုပ်ဝင် နိုင်ငံတွေဖြစ်တဲ့ နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ဥရောပ-အတ္တလန္တိတ် လွှမ်းမိုးထိန်းချုပ်မှုကို တွန်းလှန်ခြင်းသာ ဖြစ်ပါတယ်။

ပူတင်မိန့်ခွန်းရဲ့ အဓိကအချက်က ကိုလိုနီစနစ်အောက်က လွတ်မြောက်ရေးပါ။ သာမန် ယူကရိန်းပြည်သူတွေတောင် သဘောတူစရာမရှိတဲ့ ပြောစကားလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းကို ရည်ညွှန်းပြောဆိုရာမှာလည်း ပူတင်က နေတိုးအုပ်စုဟာ အာရပ်နိုင်ငံတွေနဲ့ ရွေးချယ်ဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။ နေတိုးရဲ့ အကာအကွယ်ကို ရရှိနေတဲ့ နိုင်ငံတချို့ဟာလည်း ဒီနိုင်ငံတွေရဲ့ စံတန်ဖိုးနဲ့ ထုံးတမ်းစဉ်လာတွေကြောင့် မဟုတ်ဘဲ နေတိုးစကားကို နားထောင်လို့သာ ဒီလိုအထောက်အပံ့ ရနေတာလို့ ပူတင်က ဆိုပါတယ်။

ပူတင်ဟာ အစ္စရေးနဲ့ ပါလက်နှစ်တိုင်း နှစ်ဘက်လုံးကို အားပေးတယ် ဆိုတဲ့သဘောမျိုးကို ဒီနေရာမှာ ကောက်ချက်ချလို့ ရနိုင်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ကာလရှည်ကြာ ပဋိပက္ခတွေ ဖြစ်ပွားအောင် တစ်ဘက်တည်းကို ယိမ်းပြီး လုံခြုံရေးအာမခံချက်တွေ ပေးနေတာဟာ အနောက်အုပ်စုသာဖြစ်တယ် ဆိုတဲ့အမြင်ကိုလည်း ပူတင်စကားကနေ ကောက်ယူနိုင်ပါတယ်။

ရုရှားအတွက် ဘယ်လိုအမြတ်ထွက်မလဲ

ရုရှားအမြတ်ထွက်တာဟာ အစ္စရေးနဲ့ ဂါဇာ ပဋိပက္ခမှာ ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်နိုင်ခြေရှိနေလို့ မဟုတ်ပါဘူး။ ဒီတင်းမာမှုကို ပူတင်က လေပင့်ပေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ လာမယ့် သီတင်းပတ်တွေ လတွေမှာ ဒီပဋိပက္ခ ပိုမိုဆိုးရွားလာတာကို မြင်ရရင်တော့ ပူတင်တစ်ယောက် စိတ်ပျက်လိမ့်မယ် မဟုတ်ပါ။

ရုရှားအတွက် အကျိုးရှိစေတဲ့ နောက်ထပ်အချက်တွေလည်း ရှိနေပါသေးတယ်။ လက်ရှိ ဂါဇာပဋိပက္ခဟာ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလနဲ့ တေ့ဆိုင် ဖြစ်ပွားနေတာ၊ ကမ္ဘာ့အစီအစဉ်မှာ ယူကရိန်းအရေး၊ တရုတ်နဲ့ ထိုင်ဝမ်အရေး၊ ဆာဘီးယားနဲ့ ကိုဆိုဗိုအရေး ထိပ်တန်းကရှိနေချိန်မှာ ဂါဇာအရေးကြောင့် အာရုံပြောင်းသွားကြတာ စတဲ့အချက်တွေ ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က စစ်ရေးဆုံးရှုံးမှုတွေ ရှိနေလင့်ကစား အချိန်ဟာ သူ့ဘက်မှာ ရှိနေပါတယ်။ အမေရိကန်သမ္မတ အပြောင်းအလဲ၊ ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်က အသံတွေထွက်လာတာ၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးအတွက် အမေရိကန်က အစွမ်းကုန် ကူညီထောက်ပံ့ဖို့ လိုအပ်တာ စတဲ့ အချက်တွေက ယူကရိန်းစစ် ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့်အရာတွေ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲသာ ၂၀၂၅ အထိ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ အပေါ်စီးက အသာရသူဟာ ရုရှားသာ ဖြစ်ပါလိမ့်မယ်။

The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Israel-Gaza conflict: an opportunity for Putin while the world is distracted ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဗီဒီယိုများ