ကမ္ဘာ့ အာကာသစီးပွားရေးကို အမီလိုက်လာနေတဲ့ အိန္ဒိယ

ကိုဗစ်ကပ်ဘေးကြီး စတင်ချိန်က ငါးခုသာရှိခဲ့တဲ့ အိန္ဒိယက အာကာသနည်းပညာဆိုင်ရာ စွန့်ဦးကုမ္ပဏီတွေဟာ အခုအချိန်မှာတော့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအရေအတွက်ပေါင်း ၁၄၀ ထက်မနည်း ရှိနေပါပြီ။ 

By Admin 13 Jul 2023

ဓာတ်ပုံ - The New York Times
ဓာတ်ပုံ - The New York Times

DMG (ဘာသာပြန်ဆောင်းပါး)

နိုင်ငံရဲ့ ပထမဆုံးဒုံးပျံယာဉ်ကို ၁၉၆၃ ခုနှစ်မှာ လွှတ်တင်ခဲ့စဉ်က အိန္ဒိယဟာ ကမ္ဘာ့ နောက်ဆုံးပေါ် နည်းပညာတွေနောက်က လိုက်နေရတဲ့ ဆင်းရဲနိုင်ငံဘဝမှာ ရှိနေတုန်းပါ။ သူ့ထိပ်ဖူးကို ဒုံးပျံလွှတ်စင်ဆီကို စက်ဘီးတစ်စီးနဲ့ သယ်ယူခဲ့ရတဲ့ ဒီဒုံးပျံယာဉ်ဟာ ကမ္ဘာ့ဝေဟင်အမြင့် ၁၂၄ မိုင်အထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယဟာ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုတို့နဲ့ တန်းတူလိုက်ဖို့အတွက် ကိုယ့်ဟန်ကိုယ်ဖို့ အနေအထားသာသာပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အာကာသ ပြိုင်ပွဲကြီးမှာတော့ အိန္ဒိယဟာ အများကြီး ပိုခိုင်မာတဲ့ ခြေကုပ်ယူမှုကို တွေ့ရှိခဲ့ပါပြီ။

အိန္ဒိယရဲ့ နည်းပညာ ကုမ္ပဏီသစ်တွေ တည်ရှိရာ ဟိုက်ဒရာဘက်မြို့ရဲ့ တောင်ဘက် တစ်နာရီစာခရီး အကွာအဝေးမှာ လှပကျယ်ဝန်းတဲ့ ဒုံးပျံယာဉ်ဂိုဒေါင်တစ်ခု ရှိနေပါတယ်။ ဒီနေရာမှာတော့ လူငယ်အင်ဂျင်နီယာတစ်စုဟာ စမ်းသပ်ဆဲ စက်နမူနာတစ်ခုကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။ တိုးတိုးကျိတ်ကျိတ်နဲ့ စကားတွေပွားနေကြတဲ့ ဒီလူအုပ်ကို ရှင်းပြနေကြတာကတော့ Skyroot Aerospace ကုမ္ပဏီထူထောင်သူ နှစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ လွှတ်တင်ခဲ့တဲ့ အိန္ဒိယရဲ့ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲ သယ်ဆောင်ပေးခဲ့တဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအင်ဂျင်အကြောင်းကို ရှင်းပြနေကြတာ ဖြစ်ပါတယ်။ ဒီအင်ဂျင်သစ်တွေဟာ ဒီနှစ်အတွင်းမှာ ပိုတန်ဖိုးကြီးတဲ့ ယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်မယ့် Skyroot ရဲ့ နောက်အစီအစဉ်အတွက် နမူနာတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ - The New York Times

အိန္ဒိယဟာ မှတ်ပုံတင်ထားတဲ့ နည်းပညာ ကုမ္ပဏီသစ် ၁၄၀ ရဲ့ ဗဟိုချက်မနေရာကို ရုတ်ချည်းဆိုသလိုပဲ ရောက်လာပြီး ကမ္ဘာကြီးရဲ့ နောက်ဆုံးမျက်နှာစာဆီ ဆက်သွယ်ဖို့အတွက် အပြောင်းအလဲတွေ ဖန်တီးနေတဲ့ ဒေသန္တရ သုတေသနနယ်ပယ်မှာ ပါဝင်လာပါတယ်။ ဒီနယ်ပယ်ဟာ အိန္ဒိယမှာ စွန့်စားရင်းနှီးမြှုပ်နှံသူတွေ အထူးစိတ်ဝင်စားလာကြတဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ စွန့်ဦးတီထွင် ကုမ္ပဏီသစ်တွေဟာ ကိုဗစ်ကပ်ဘေးကြီး စတင်ချိန်က ငါးခုသာရှိခဲ့ရာက အခုအချိန်မှာ အဆမတန် များပြားကြီးထွားလာပါတယ်။ ဒီအတွက်လည်း ဧရာမစျေးကွက်ကြီး တစ်ခုကို သူတို့မြင်ထားပါတယ်။ Skyroot ရဲ့ အမှုဆောင်အရာရှိချုပ် ပါဝမ်ကူးမားချန်ဒါနာဟာ ဒီဆယ်စုနှစ်ထဲမှာ ဂြိုဟ်တုပေါင်း အလုံး ၃ သောင်းအထိ လွှတ်တင်ဖို့ရှိနေတဲ့ ကမ္ဘာ့လိုအပ်ချက်ကို ကြိုတင်မှန်းဆထားပါတယ်။

သိပ္ပံပညာနယ်ပယ်မှာ အင်အားတစ်ရပ်အဖြစ် အိန္ဒိယရဲ့ အရေးပါမှုဟာ ပိုမိုထင်ရှားလာနေပါတယ်။ ပြီးခဲ့တဲ့လက ဝါရှင်တန်မှာ သမ္မတဘိုင်ဒန်နဲ့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ တွေ့ဆုံခဲ့ချိန်က အိမ်ဖြူတော်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အာကာသဆိုင်ရာ စီးပွားရေးကဏ္ဍမှာ အမေရိကန်နဲ့ အိန္ဒိယ ပုဂ္ဂလိကလုပ်ငန်းတွေ အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဒီကြေညာချက်မှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံလုံးဟာ အာကာသနယ်ပယ်ကို သူတို့ရဲ့ ဘုံပြိုင်ဘက်ဖြစ်တဲ့ တရုတ်ကို ထိန်းညှိရာမှာ အိန္ဒိယက အားကောင်းကောင်းနဲ့ ရှိနိုင်တဲ့ နယ်ပယ်အဖြစ် ရှုမြင်ကြပါတယ်။

အိန္ဒိယရဲ့နာဆာဖြစ်တဲ့ အိန္ဒိယ အာကာသသုတေသနအဖွဲ့ကြီး (ISRO) ရဲ့ ပထမ ဆယ်စုနှစ်သုံးခုအတွင်းမှာ နိုင်ငံအတွက် ဂုဏ်ယူစရာတွေ ဖန်တီးခဲ့ပါတယ်။ အိန္ဒိယရဲ့ ပထမဆုံး ဂြိုဟ်တုပုံ ဖော်ပြထားတဲ့ နှစ်ရူပီးတန် ငွေစက္ကူကို ၁၉၉၅ ခုနှစ်အထိ အသုံးပြုခဲ့ကြပါတယ်။ ဒီနောက်မှာတော့ အိန္ဒိယဟာ သူ့ရဲ့ အာကာသရည်မှန်းချက်ကနေ ခဏတဖြုတ် အားလျော့သွားပြီး လူငယ် သုတေသနသမားတွေဟာ ပိုမိုခိုင်မာသေချာတဲ့ သတင်းအချက်အလက် နည်းပညာနဲ့ ဆေးဝါးကဏ္ဍတွေဘက်ကို ပိုအရေးစိုက်ခဲ့ကြပါတယ်။ ခုချိန်မှာတော့ အိန္ဒိယဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံအဖြစ်သာမက စီးပွားရေး တိုးတက်မှု အမြန်ဆုံးနိုင်ငံ၊ တီထွင်ဖန်တီးမှု အထူးအားကောင်းတဲ့ နေရာတစ်ခု ဖြစ်လာပါပြီ။

ဓာတ်ပုံ - The New York Times

အာကာသစီးပွားရေးကဏ္ဍဟာလည်း ပြောင်းလဲသွားပါတယ်။ ဧရာမကြီးမားတဲ့ အစိုးရစီမံကိန်းကြီးတွေထက် ပုဂ္ဂလိက ကုမပဏီငယ်တွေရဲ့ မောင်းနှင်အား ပိုများလာတဲ့ အာကာသနည်းပညာကဏ္ဍဟာ အသေးစားနဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ်။ ပုံရိပ်ဖမ်းနည်းပညာတွေဟာ ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းပေးနေပြီး အိန္ဒိယလယ်သမားတွေကိုလည်း သူတို့ရဲ့ စိုက်ပျိုးသီးနှံတွေ အတွက် ဒါမှမဟုတ် ငါးဖမ်းလုပ်ငန်းတွေအတွက် အကူအညီပေးနေပါတယ်။ တယ်လီဖုန်းက အချက်ပြမှုတွေကို ဂြိုဟ်တုတွေကတစ်ဆင့် နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ နယ်စွန်နယ်ဖျားတွေဆီ ပို့ပေးပြီး အိန္ဒိယရဲ့ မဟာမြို့ကြီးတွေနဲ့ ဝေးရာမှာရှိတဲ့ ဆိုလာစွမ်းအင် ထုတ်လုပ်တဲ့စက်ရုံတွေ လည်ပတ်နိုင်အောင် ကူညီပေးပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ အာကာသကဏ္ဍကို ပုဂ္ဂလိကကုမ္ပဏီ အမျိုးစုံအတွက် လမ်းဖွင့်ပေးပြီး မြှင့်တင်မယ်လို့ ၂၀၂၀ ဇွန်လမှာ ကြေညာပါတယ်။ ဒီအချိန်တည်းက အိန္ဒိယမှာ စီးပွားရေးကွန်ရက်တစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ဒီထဲက ကုမ္ပဏီတွေဟာလည်း ကိုယ်ပိုင်သုတေသနနဲ့ ခြံပေါက်ပါရမီရှင်တွေက မောင်းနှင်နေကြတာပါ။ ၂၀၂၂ ခုနှစ်မှာ အာကာသနည်းပညာဆိုင်ရာ စွန့်ဦးကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံမှုအသစ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိခဲ့ပါတယ်။ ဒီပမာဏဟာ နှစ်စဉ် နှစ်ဆ၊သုံးဆ နှုန်းနဲ့ ပွားများလာနေတာလည်း ဖြစ်ပါတယ်။

အိစ်ရိုလို့ အသံထွက်တဲ့ ISRO ဟာ ပုဂ္ဂလိကလုပ်ငန်းရှင် အသစ်တွေအတွက် နေရာတွေ ဖန်တီးပေးပြီး အကျိုးအမြတ်ရှိတဲ့ အမွေအနှစ်တွေ မျှဝေပေးထားပါတယ်။ ISRO ရဲ့ ဒုံးယာဉ်လွှတ်ရာဆိပ်ကမ်းဟာ ဆရီဟာရီကိုတာ ကျွန်းရဲ့ ကမ်းရိုးတန်းမှာရှိပါတယ်။ ဒီနေရာဟာ အီကွေတာနဲ့နီးပြီး ကမ္ဘာပတ်လမ်ကြောင်းအဆင့် အများအပြားဆီ လွှတ်တင်ဖို့အတွက် သင့်တော်တဲ့နေရာ ဖြစ်ပါတယ်။ အစိုးရအေဂျင်စီရဲ့ ‘အာဂလုပ်သား’ ဒုံးပျံယာဉ်ဟာ လေးပင်တဲ့ ပစ္စည်းတွေ သယ်ယူရေးမှာ ကမ္ဘာ့ ယုံကြည်မှုအရှိဆုံး ဒုံးပျံယာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုနှုန်းထား ၉၅ ရာခိုင်နှုန်းအထိ ရှိထားတဲ့ ဒီယာဉ်ဟာ ဂြိုဟ်တုတစ်စင်းအတွက် အာမခံကြေး ကုန်ကျငွေကို ထက်ဝက်အထိ လျှော့ချပေးနိုင်ပြီး အိန္ဒိယကိုလည်း ကမ္ဘာတစ်ဝန်းက ယဉ်ပြိုင်မှုအများဆုံး ဒုံးလွှတ်နယ်နေရာတွေထဲက တစ်ခု ဖြစ်စေခဲ့ပါတယ်။

အာကာသထဲကို ပစ္စည်းကိရိယာတွေ လွှတ်တင်ရာမှာ ငွေကြေးပါဝင်မှုအပိုင်း ရှိလာပါပြီ။ ဒီစျေးကွက်ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့် တန်ဖိုးရှိပြီး ၂၀၂၅ မှာ သုံးဆအထိ များလာနိုင်ခြေ ရှိနေပါတယ်။

ဟိုက်ဒရာဘက်မှာဆိုရင် ဂြိုဟ်တုလွှတ်တင်မှုတွေ ပြုလုပ်နေသလို အိန္ဒိယရဲ့ ပထမဆုံး အာကာသနည်းပညာ ကုမ္ပဏီလည်းဖြစ်တဲ့ Dhruva Space ကုမ္ပဏီရဲ့ အလုပ်ရုံနေရာမှာ ဆိုရင် ခေတ်ဆန်ဆန်ဖန်တီးထားတဲ့ ဂြိုဟ်တုပုံစံတူ နမူနာအရုပ်တွေ၊ သန့်ရှင်းတဲ့အခန်းတွေလို့ သိကြတဲ့ ပတ်ဝန်းကျင်အခြေအနေကို လိုသလို ထိန်းချုပ်ထားတဲ့ စမ်းသပ်ခန်းတွေ၊ ကမ္ဘာ့ဆွဲအားပုံစံတုကို စစ်ဆေးတဲ့ ကိရိယာ စတာတွေနဲ့ ပြန့်ကြဲနေပါတယ်။ လာမယ့်လတွေအတွင်းမှာ ကုမ္ပဏီရဲ့ မဟာဗျူဟာရေးရာ အကြီးအကဲ ကရန်သီချန်ဟာ အလုပ်ရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဖို့ရှိနေပါတယ်။ သူကတော့ ဥရောပဘက်ကို တစ်ပတ်သွားလိုက်၊ အမေရိကန်မှာ တစ်ပတ်သွားနေလိုက်နဲ့ ဟိုက်ဒရာဘက်ရုံးမှာ မတွေ့ရသလောက်ပဲ ဖြစ်ပါတယ်။

အာကာသစီးပွားရေးမှာ အိန္ဒိယနဲ့ ကမ္ဘာကြီးရဲ့ စျေးကွက်ကို ခိုးယူသွားသူကတော့ အီလွန်မက်ပဲ ဖြစ်ပါတယ်။ သူ့ကုမ္ပဏီ SpaceX နဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ ပြန်အသုံးပြုနိုင်တဲ့ ဒုံးပျံတွေကြောင့် အာကာသပတ်လမ်းထဲကို လေးလံတဲ့ ပစ္စည်းကိရိယာတွေ လွှတ်တင်ရာမှာ ကုန်ကျစရိတ်တွေဟာ အိန္ဒိယက မယှဉ်နိုင်လောက်တဲ့အထိကို ကျဆင်းသွားပါတယ်။ တစ်ကီလိုဂရမ်ကို ၆၅၀၀ ဒေါ်လာနှုန်းနဲ့ အမေရိကန် ဒုံးလွှတ်ဆိပ်ကမ်းတွေကနေ လွှတ်တင်ပေးနေတဲ့ SpaceX ရဲ့ ပို့ဆောင်မှုတွေဟာ လက်ရှိအချိန်အထိကိုပဲ ကမ္ဘာ့ဘယ်နေရာထက်မဆို စျေးအချိုဆုံး ဖြစ်နေပါတယ်။

အိန္ဒိယမှာ စျေးမကြီးတဲ့ အင်ဂျင်နီယာတွေ အလျှံအပယ်ရှိပါတယ်။ ဒါပေမဲ့ သူတို့ကိုပေးရတဲ့လစာ နည်းပါးရုံနဲ့ ပြိုင်ပွဲမှာ အနိုင်မရနိုင်ပါဘူး။ ဒါကြောင့်ပဲ Skyroot လိုမျိုး အိန္ဒိယကုမ္ပဏီတွေဟာ ပိုပြီး သီးသန့်ကျတဲ့ အထူးပြု ဝန်ဆောင်မှုတွေဘက်ကို ပိုအလေးထားလာကြတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က တက္ကစီနဲ့ ပိုတူပါတယ်” လို့ ချန်ဒါနာက ဆိုပါတယ်။ သူ့ကုမ္ပဏီမှာ အသေးစား လွှတ်တင်မှုတွေအတွက် ဆိုရင် စျေးပိုကြီးပါတယ်။ SpaceX ကတော့ “ဘတ်စ်ကားတို့ ရထားတို့နဲ့တူတယ်။ သူတို့က ခရီးစဉ်တူတဲ့ ခရီးသည်တွေကို စုပြီး နေရာတစ်ခုဆီ ပို့ပေးတာ” လို့ သူကပြောပါတယ်။

SpaceX က အိန္ဒိယစွန့်ဦးလုပ်ငန်းတွေရဲ့ အင်အားတွေကို အာကာသဘက်ဆီ တွန်းပို့ပေးလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုဒီက ဒီနယ်ပယ်ကို ဦးစားပေးအဖြစ် သတ်မှတ်လိုက်ချိန်မှာ Skyroot က ချန်ဒါနာနဲ့ သူ့မိတ်ဘက် အသက် ၃၃ နှစ်အရွယ် ဘာရက်ဒါကာ အပါအဝင် ISRO ရဲ့ အင်ဂျင်နီယာတစ်ချို့ဟာ ဒီကစားပွဲထဲကို ဝင်နေကြပါပြီ။

ဓာတ်ပုံ - The New York Times

အိန္ဒိယရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ ပထဝီနိုင်ငံရေးပါ။ ရုရှားနဲ့ တရုတ်တို့ဟာ လစာနိမ့်ခြင်းဆိုတဲ့ အခွင့်အရေးကို လုပ်ငန်းသစ်တွေအတွက် ကာလရှည်ကြာ ပေးလာခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းစစ်ပွဲဟာ ရုရှားကို ဒီအခွင့်အရေးပြိုင်ဘက် အဖြစ်က ဆုံးခန်းတိုင်သွားစေပါတယ်။ ဗြိတိသျှ ဂြိုဟ်တုနည်းပညာ ကုမ္ပဏီဖြစ်တဲ့ OneWeb ရဲ့ လွန်းပျံယာဉ် ၃၆ စင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားက သိမ်းယူလိုက်ပါတယ်။ OneWeb ဟာ ဒီဖြစ်ရပ်ကြောင့် ကန်ဒေါ်လာ သန်း ၂၃၀ လျှော်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ OneWeb ရဲ့ နောက်ထပ် ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းဆီ ပို့မယ့်အလုပ်ဟာ အိန္ဒိယက ISRO ဆီ ရောက်လာပါတော့တယ်။ ဒီအတိုင်းပါပဲ။ အမေရိကန်အစိုးရဆိုရင်လည်း ဘယ်အမေရိကန်ကုမ္ပဏီတွေရဲ့ စစ်ဘက်ဆိုင်ရာအဆင့် နည်းပညာပို့ဆောင်မှုတွေကိုမဆို တရုတ်ကတစ်ဆင့် ပို့တာထက် အိန္ဒိယကတစ်ဆင့် ပို့တာကိုပဲ ခွင့်ပြုပေးဖို့ အလားအလာ ပိုများပါတယ်။

အိန္ဒိယရဲ့ နည်းပညာရောင်းချမှုကွန်ရက် အရွယ်အစားဟာ မယုံနိုင်လောက်အောင်ကို ကြီးထွားလာနေပါတယ်။ ISRO နဲ့ စီးပွားရေးလုပ်လာတဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဘင်္ဂါလူရုမြို့၊ ဟိုက်ဒရာဘက်မြို့၊ ပူနဲမြို့နဲ့ တခြားနေရာတွေမှာ ပုဂ္ဂလိကကုမ္ပဏီ အစုအဖွဲ့ပေါင်း ၄၀၀ ခန့်အထိ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကုမ္ပဏီတိုင်းဟာလည်း အာကာသမှာ အသုံးပြုဖို့ သင့်တော်တဲ့ သီးသန့် ဝက်အူတွေ၊ အလုံပိတ်ကော် Sealant တွေနဲ့ အခြားသောပစ္စည်းတွေကို အထူးပြု ထုတ်လုပ်နေကြတာဖြစ်ပြီး ထုတ်ကုန်တစ်မျိုးတည်း အတွက်တင် ကုမ္ပဏီတစ်ရာလောက် ပူးပေါင်း ဆောင်ရွက်ကြတာမျိုးလည်း ရှိကြပါတယ်။

Skyroot နဲ့ Dhruva ကုမ္ပဏီတို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ဂြိုဟ်တုဖြန့်ချိရေးတွေမှာ ဝင်လုပ်နေကြတာပါ။ ဒါပေမဲ့လည်း အိန္ဒိယရဲ့ အာကာသစီးပွားရေး စျေးကွက်ကြီးထဲမှာ ဒီကုမ္ပဏီနှစ်ခုပေါင်း ယူထားတဲ့နေရာဟာ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီစျေးကွက်မှာ ရာခိုင်နှုန်းကြီးကြီး နေရာဝင်ယူထားတာကတော့ ဂြိုဟ်တုက ထုတ်လွှတ်တဲ့ အချက်အလက်တွေကို ဖမ်းယူစုဆောင်းရေးကို အဓိကဦးစားပေး လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

Pixxel ဆိုရင် ဒီနယ်ပယ်မှာ အသိအမှတ်ပြုရမယ့် စွန့်ဦးကုမ္ပဏီသစ် ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ သာမန် အရောင်အသွေး ရှုမြင်ပုံဘောင်ကနေ ကျော်လွန်ပြီးရှိနေတဲ့ ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားတွေကို ရှာဖွေစစ်ဆေးဖို့အတွက် ပုံရိပ်ဖမ်းစနစ်တစ်ရပ် တီထွင်ထားပါတယ်။ Pixxel ရဲ့ရုံးချုပ်တွေဟာ ဘင်္ဂါလူရုမှာ ရှိပါတယ်။ လော့စ်အင်ဂျလိစ်မြို့မှာ ရုံးခွဲတစ်ခုရှိပြီး ပင်တဂွန်ထဲက လျှို့ဝှက်ဌာနတစ်ခုနဲ့လည်း လုပ်ငန်းစာချုပ်တစ်ခု ချုပ်ဆိုထားပါတယ်။ ဂြိုဟ်တုနည်းပညာဆိုင်ရာ စီးပွားရေးကဏ္ဍရဲ့ ဒီထက်ပိုကြီးတဲ့ လုပ်ကွက်အစိတ်အပိုင်းကတော့ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ကနေ ထုတ်လွှင့်နေတဲ့ ဘရော့ဘန်းအင်တာနက်နဲ့ ရုပ်သံဝန်ဆောင်မှု စျေးကွက်တွေဆီမှာ ရှိနေမှာ အသေအချာပါပဲ။

Skyroot ရဲ့ ရုံးခန်းမှာတော့ အင်ဂျင်နီယာတစ်ဖြစ်လဲ စွန့်ဦးလုပ်ငန်းရှင်နှစ်ဦးဟာ အကျိုးတူမ,တည်ငွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုနေကြပါတယ်။ သူတို့ဟာ မူလအိန္ဒိယနည်းပညာတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့သူတွေဖြစ်ပြီး ISRO မှာလည်း မြေမြင်အတွေ့အကြုံတွေနဲ့ လက်တွေ့ လုပ်ကိုင်ခဲ့ကြသူတွေပါ။

“လုပ်ငန်းစတင်ဖို့ မ,တည်ငွေလုပ်ငန်းစဉ် အပြီးမှာတော့ လုပ်ငန်းချဲ့ထွင်ရေးအပိုင်း လာပါမယ်။ ဒီကဏ္ဍမှာ ၁၁ သန်းလောက် ရှိမယ်။ ပြီးရင်တော့ ၄.၅ သန်းဖိုး အကြီးစားရင်းနှီးမြှုပ်နှံမှု လာပါမယ်” လို့ ချန်ဒါနာက ပြောပါတယ်။

ငွေရင်းမြှုပ်နှံမှု လေးကြိမ်အပြီးမှာတော့ Skyroot ကုမ္ပဏီဟာ လုပ်ငန်းလည်ပတ်ငွေ ပမာဏကို အမေရိကန်ဒေါ်လာ ၆၈ သန်းအထိ မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ဒါကို ငွေသားအဖြစ် ထုတ်ဖို့ အစီအစဉ် လတ်တလောမှာ မရှိသေးပါဘူး။ သူတို့ဟာ နှစ်ယောက်လုံး မလေ့လာခဲ့တဲ့ စီးပွားရေးနယ်ပယ်ထက် သိပ္ပံနယ်ပယ်ကို ပိုစိတ်ဝင်စားကြမှန်း သိသာပေါ်လွင်နေပါတယ်။ ကုမ္ပဏီထောင်တယ်ဆိုတာက ‘လုပ်ရိုးလုပ်စဉ်တစ်ရပ်’ သာဖြစ်ပါတယ် လို့ ချန်ဒါနာက ဆိုပါတယ်။

The New York Times မှာဖော်ပြထားတဲ့ Alex Travelli ရဲ့ The Surprising Striver in the World’s Space Business ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။

ဗီဒီယိုများ