မြေပုံတွင် ၁၇ နှစ်အရွယ် မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ၇၅ နှစ်အရွယ် ကိုရင်ကြီးတစ်ပါးကို လူဝတ်လဲပြီး AA ကခေါ်သွား

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်အုပ်စု၊ ကုန်ဘောင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မသန်စွမ်း မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အသက် ၇၅ နှစ်အရွယ် ကိုရင်ကြီးတစ်ပါးကို လူဝတ်လဲပြီး ULA/AA ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 19 Oct 2023

ဓာတ်ပုံ - အင်တာနက်
ဓာတ်ပုံ - အင်တာနက်

DMG ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်အုပ်စု၊ ကုန်ဘောင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မသန်စွမ်း မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အသက် ၇၅ နှစ်အရွယ် ကိုရင်ကြီးတစ်ပါးကို လူဝတ်လဲပြီး ULA/AA ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကုန်ဘောင်ကျေးရွာမှ မွေးရာပါ စကားမပြောတတ်၊ စိတ်မနှံ့သည့် မိန်းကလေးကို အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီခန့်တွင် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ခြင်းဟု ရွာသားများကပြောသည်။

အဆိုပါမိန်းကလေး နေထိုင်သည့်နေအိမ်တွင် ဖုန်းအားဖြည့်ပေးရန်အတွက် အသက် ၇၅ နှစ်အရွယ် ကိုရင်ကြီးက မိန်းကလေးကို နေအိမ်သို့ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

“အဲဒီနေ့က ရွာမှာအသုဘရှိတာကြောင့် သဂြိုလ်ဖို့လိုက်သွားတော့ အိမ်မှာ တစ်ယောက်မှမရှိဘူး။ ညီမလေးက ဘေးအိမ်မှာထိုင်နေတာကို ကိုရင်ကြီးက သူ့ဖုန်းကို အားဖြည့်ပေးဖို့ခေါ်တယ်။ ညီမလေးက ဖုန်းကိုယူပြီး အိမ်ကိုအားဖြည့်ဖို့သွားတာ ကိုရင်ကြီးက လိုက်လာခဲ့တယ်။ အိမ်ဘေးက အစ်မတစ်ယောက်က မသင်္ကာလို့ လိုက်သွားတာ တံခါးပိတ်ထားတယ်။ တံခါးဖွင့်လိုက်တော့ အဓမ္မပြုကျင့်နေတာကိုတွေ့တာ” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါကိုရင်ကြီးမှာ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာမှဖြစ်ပြီး ကုန်ဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည်မှာ ၄ နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ကျုးလွန်သူဟု စွပ်စွဲခံထားရသည့် ကိုရင်ကြီးကို လူဝတ်လဲပေး၍ ကျေးရွာတာဝန်ရှိသူများက စစ်ဆေးရာတွင် ၎င်းမှာ ကျုးလွန်မှုမရှိဟု ငြင်းဆိုကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ULA/AA ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း ကုန်ဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြူသီးချေက ပြောသည်။

“ကျနော်တို့ အများကြီးစစ်ဆေးပြီးပြီ။ မဟုတ်ဘူးလို့ပဲပြောတယ်။ သူကတော့ ဝန်မခံခဲ့ဘူး။ ခြောက်ပေါက်တစ်ညချပြီး နောက်နေ့ ၁၂ နာရီလောက်မှာ ULA က ခေါ်သွားတယ်” ဟု ၎င်းကပြောသည်။

မိန်းကလေး၏ အဝတ်အစားများကို မြေပုံမြို့နယ်ရှိ ဆရာဝန်ကြီးနှင့်စစ်ဆေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ကို မိသားစုဝင်များက လာတောင်းထားကြောင်းလည်း သိရသည်။

အဆိုပါ မိန်းကလေးမှာ ထိခိုက်နစ်နာမှုများရှိသဖြင့် တရားမျှတစွာဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

“စကားမပြောတတ်၊ စိတ်မနှံသူ တစ်ယောက်ကို အခုလိုလုပ်တာ သိပ်အောက်တန်းကျတယ်။ ကျမတို့က မကောင်းလုပ်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးစေချင်တယ်။ ညီမလေးက ဘာမှမသိဘူး” ဟု မိန်းကလေး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးကပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း အဓမ္မပြုကျင့်မှုဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး စက်တင်ဘာနှင့် အောက်တိုဘာ နှစ်အတွင်း ၆ မှုအထိ ရှိခဲ့သည်။ ယင်းသို့ဖြစ်ပွားမှုများမှာ ပေါက်တောတွင် ၂ မှု၊ မြောက်ဦးတွင် ၁ မှု၊ ဘူးသီးတောင်တွင် ၁ မှု၊ ကျောက်တော်တွင် ၁ မှုနှင့် မြေပုံမြို့နယ်တွင် ၁ မှုတို့ ဖြစ်ကြသည်။

ယင်းအထဲတွင် သက်ငယ်မုဒိမ်းမှုများလည်းပါဝင်ပြီး ကလေးနှင့် ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့ အဝင်အထွက်ရှိသူများက ကျူးလွန်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။ အဆိုပါ အဓမ္မပြုကျင့်ခံရမှုများမှာ လူသိရှင်ကြား ဖြစ်စဉ်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆ အရ အသက် ၁၂ အောက် အမျိုးသမီးအပေါ် အဓမ္မကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် အနှစ် ၂၀ မှ အများဆုံးထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ဗီဒီယိုများ