ကျောင်းသူ ၁၃ ဦးအထိ အဓမ္မပြုကျင့်ခဲ့သည့် အင်ဒိုနီးရှားကျောင်းဆရာ သေဒဏ်ချမှတ်ခံရ

အင်ဒိုနီးရှားတွင် အစ္စလာမ်ဘာသာရေး ဘော်ဒါဆောင်တစ်ခု၌ ကျောင်းသူ ၁၃ ဦးအထိ အဓမ္မပြုကျင့်ခဲ့ကာ ၎င်းတို့အနက် အနည်းဆုံး ၈ ဦးကို ကိုယ်ဝန်ရစေခဲ့သည့် ကျောင်းဆရာတစ်ဦးအား တရားရုံးက တနင်္လာနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

05 Apr 2022

ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၆

အင်ဒိုနီးရှားတွင် အစ္စလာမ်ဘာသာရေး ဘော်ဒါဆောင်တစ်ခု၌ ကျောင်းသူ ၁၃ ဦးအထိ အဓမ္မပြုကျင့်ခဲ့ကာ ၎င်းတို့အနက် အနည်းဆုံး ၈ ဦးကို ကိုယ်ဝန်ရစေခဲ့သည့် ကျောင်းဆရာတစ်ဦးအား တရားရုံးက တနင်္လာနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

တရားခံ ဟယ်ရီဝီရာဝမ်သည် အသက် ၃၆ နှစ်ရှိပြီး သူ့ကို ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ အဆိုပါအမှုအား တစ်နိုင်ငံလုံးက အလေးထားစောင့်ကြည့်ခဲ့ကြပြီး နိုင်ငံတွင်းရှိ ဘာသာရေးစာသင်ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအား ဂရုစိုက်လာခဲ့ကြသည်။

သို့သော်လည်း ၎င်းအား သေဒဏ်နှင့် ဓာတုဗေဒနည်းဖြင့် သင်းကွပ်ပေးရန် တောင်းဆိုခဲ့ကြသည့် တရားလိုရှေ့နေများသည် အယူခံတစ်ရပ် တင်သွင်းခဲ့သည်။

တရားလိုရှေ့နေတွေရဲ့ အယူခံကို မိမိတို့ လက်ခံကြောင်း အနောက်ဂျာဗားခရိုင် ဘန်ဒေါင်းတရားရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် တရားသူကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တရားခံကို မိမိတို့ သေဒဏ်အပြစ်ပေးလိုက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် သေဒဏ်ချမှတ်မှုများအား မစီရင်ဘဲ ဆိုင်းငံ့ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ နောက်ဆုံး အဆုံးစီရင်ခဲ့သည့် အမှုမှာ ၂၀၁၆ ခုနှစ်တွင် ဖြစ်သည်။

၎င်းတို့၏သမီးအား အဓမ္မပြုကျင့်ကာ ကိုယ်ဝန်ရစေမှုဖြင့် ဝီရာဝမ်အား ကျောင်းသူတစ်ဦး၏ မိဘများက ရဲတွင် တိုင်ကြားခဲ့ရာမှ ဘန်ဒေါင်းရှိစာသင်ကျောင်းတွင် ဝီရာဝမ်၏ ကျူးလွန်မှုတစ်သီတစ်တန်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဝီရာဝမ်သည် ငါးနှစ်တာအတွင်း ကျောင်းသူအများအပြားကို အဓမ္မပြုကျင့်ခဲ့ပြီး ကျောင်းသူအများစုမှာ မိသားစုဆင်းရဲသဖြင့် ပညာသင်ဆုဖြင့် ကျောင်းတက်နေကြသူများဖြစ်ကြောင်း တရားခွင်စစ်ဆေးမှုများတွင် ထပ်မံပေါ်ပေါက်ခဲ့သည်။

အဓမ္မပြုကျင့်ခံရသူများအနက် ၈ ဦးမှာ ကိုယ်ဝန်ရရှိခဲ့ကြကြောင်းလည်း ထပ်မံပေါ်ပေါက်ခဲ့သည်။

“ပထမတော့ ကျွန်တော်တို့က သူ့ကို ဓာတုဗေဒနည်းနဲ့ သင်းကွပ်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေချင်တာ။ ဒါမှလည်း သူ့ရာဇဝတ်မှုက နာကြင်မှုတွေကို သူခံစားရမှာလေ။ ..ဒါပေမဲ့ သေဒဏ်ပေးတာလည်း တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ ကျွန်မတို့ ခံစားရပါတယ်” ဟု ပြစ်မှုကျူးလွန်ခြင်းခံခဲ့ရသော ကျောင်းသူတစ်ဦး၏ ဦးလေးတော်စပ်သူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် အစ္စလာမ်စာသင်ကျောင်း ဘော်ဒါဆောင်စုစုပေါင်း နှစ်သောင်းခွဲထက်မနည်း ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသူ စုစုပေါင်း ငါးသန်းနီးပါးရှိသည်။

ဗီဒီယိုများ