တင်းမဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း၊ ကုလားတန်မြစ်အရှေ့ဘက်ရှိ တင်းမဗျူဟာကုန်း မကျရှုံးစေရန် စစ်ကောင်စီက အကြိတ်အနယ်ခုခံနေပြီး ရက္ခိုင့်တပ်တော်ကလည်း အပြင်းထန်တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ 

By Admin 01 Jan 2024

တင်းမဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ

တင်းမရွာအနီး တောင်ရှည်တောင်တွင် အထိုင်ချထားသော တင်းမဗျူဟာကုန်းကို ဒီဇင်ဘာ ၂၅ ရက်မှစ၍  ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်နေခြင်းဖြစ်ကာ ယနေ့ဆိုလျှင် ၈ ရက်မြောက်ထိ ကြာမြင့်လာပြီဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို နေ့ရောညပါ ပြင်းထန်နေတာ။ နှစ်သစ်ကူးညမှာလည်း လုံးဝမရပ်ဘဲ တစ်ညလုံး ဖြစ်ခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ်။ ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီက ဂျတ်လေယာဉ်နဲ့ လာတိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။  

တိုက်ပွဲဖြစ်ပွားရာသို့ ကျောက်တော်အခြေစိုက်  အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၉) မှ လက်နက်ကြီးများ၊ အတွဲပစ် ဒုံးကျည်များဖြင့် ပစ်ကူပေးလျက်ရှိသည်။  

တင်းမဗျူဟာကုန်းအနီးတွင်ရှိသည့် ခပေါ်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းနှင့် မြောက်တောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်တို့မှာ စခန်းစွန့်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ 

“ပထမနေ့တုန်းကတော့ အဲဒီစခန်းတွေကနေ လက်နက်ပစ်ကူပေးခဲ့တာတွေ ရှိတယ်။ နောက်တစ်ရက်ဆိုတာနဲ့ စစ်ကောင်စီတပ်သားတွေ အကုန်လုံး စွန့်ခွာသွားကြတယ်။ အဲဒီစခန်းတွေက လက်နက်ပစ်သံတွေလည်း လုံးဝ မကြားရတော့ဘူး” ဟု ဒေသခံနောက်တစ်ဦး ပြောသည်။ 

တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုတို့ကြောင့် တောထဲ၌တိမ်းရှောင်နေကြသည့် ဒေသခံများထဲမှ အလယ်ကျွန်းရွာမှ အသက် ၃၈ နှစ်အရွယ် ဦးမောင်ညွန့်ဆိုသူမှာ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့သည်။ 

လက်ရှိ AA တိုက်ခိုက်နေသည့် တင်းမဗျူဟာကုန်းသည် ကျောက်တော်နှင့်  ပလက်ဝဒေသအတွက် အလွန်အရေးသည့် ဗျူဟာကုန်းတစ်ခုဖြစ်သည်။ တင်းမဗျူဟာကုန်းကို AA သိမ်းပိုက်နိုင်ပါက ပြီးခဲ့သည့် စစ်ရေးကာလများအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများမှာလည်း အိမ်ပြန်လာနိုင်မည်ဟု ဒေသခံများက ပြောကြသည်။ 

“အဲဒီဒေသကိုသာ ရသွားမယ်ဆိုရင်တော့ ကျနော်တို့တင်းမရွာသားတွေလည်း ကိုယ့်ဒေသကို ပြန်နိုင်မယ်။ ပလက်ဝဘက်ကိုသွားတဲ့ ရေလမ်းကြောင်းကိုလည်း အသေအချာ အသုံးပြုခွင့်ရသွားမယ်။ AA အတွက်လည်း အများကြီး ကောင်းကျိုးရှိလာမယ်” ဟု တင်းမကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

ရက္ခိုင့်တပ်တော်(AA)၏ ဒီဇင်ဘာ ၂၆ ထုတ်ပြန်ချက်တွင် တင်းမကျေးရွာအနီး တောင်ရှည်တောင်(တင်းမ) ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဆိုထားသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသည့် တပ်မ ၅၅ မှ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်ပြီး ဒေသခံ ၁၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်  ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

AA သည် ပလက်ဝမြို့နယ်က တပ်စခန်းကြီးဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်းအပြင် ရသေ့တောင် ချိန်ခါလိန်၊ ဒုံးပိုက်စခန်း၊ မောင်တောမြောက်ပိုင်း ဒုံးညိုစခန်း၊ ဘူးသီးတောင် ခထီးလှစခန်း၊ မြောက်ဦးခရိုင်ရဲစခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သော စခန်း ၁၄၀ ကျော် သိမ်းပိုက်ရရှိထားသည်။

ဗီဒီယိုများ