မြောက်ဦးက ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်မှ ဒေသခံတစ်ဦးကို ဒီဇင်ဘာ ၁၈ ရက် ညအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 19 Dec 2023

မြောက်ဦးဈေးကြီးရှေ့ တောင်ရပ်ခွဆုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက် ညအချိန်က မြင်တွေ့ရစဉ်။ 
မြောက်ဦးဈေးကြီးရှေ့ တောင်ရပ်ခွဆုံကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက် ညအချိန်က မြင်တွေ့ရစဉ်။ 

ဖမ်းဆီးခံရသူမှာ “နဝရတ်ရွှေရည်” ရွှေဆိုင်ပိုင်ရှင် ဦးကျော်နိုင်ဦး (၃၈ နှစ်)ဖြစ်ပြီး ယမန့်နေ့ ည ၉ နာရီအချိန် သူငယ်ချင်းအိမ်မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် တောင်ရပ်ခွဆုံအနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

“စစ်ကောင်စီတပ်သားတွေကလည်း မြို့တွင်းမှာ လှည့်ပတ်သွားနေကြတယ်။ အဲဒီအချိန် ထိပ်တိုက်တွေ့တော့ ဖမ်းခေါ်သွားတာပဲ။ ဘာကြောင့်ဖမ်းလဲမသိဘူး။ အခုထိတော့ မလွတ်သေးဘူး” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။ 

ဦးကျော်နိုင်ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို လက်ရှိအချိန်ထိ မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း တစ်စုံတစ်ရာ အဆက်အသွယ်မရသေးကြောင်း သိရသည်။ 

“မိသားစုဝင်တွေကတော့ သူ့နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေကြတယ်။ လောလောဆယ်တော့ ဘာတစ်ခုမသိရသေးဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။  

မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၁၃ ရက်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့တွင်းနေရာအနှံ့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာချထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။ 

ဒီဇင်ဘာလ ၁၇ ရက်ကလည်း မြို့တွင်းသွားလာနေသည့် ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ 

“သူတို့က အပြစ်မဲ့ ပြည်သူတွေကို ဖမ်းမယ်။ လက်နက်တွေနဲ့ ခြိမ်းခြောက်တာတွေလုပ်ပြီး အကြောက်တရားရအောင် လုပ်နေတယ်။ လက်နက်အားကိုးနဲ့ လုပ်ချင်ရာလုပ်နေတယ်။ ကျနော်တို့ ပြည်သူတွေမှာတော့ လုံခြုံဖို့အတွက် သတိထားပြီး နေထိုင်နေကြရတယ်” ဟု မြောက်ဦးမြို့ဒေသခံ နောက်တစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် တိုက်ပွဲစတင်လာသည်နှင့်တပြိုင်နက် စစ်ကောင်စီက ပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေပြီး လက်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့၊ မြောက်ဦး စသည့်မြို့နယ်များတွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သား ၄၅၀ ဦးထက်မနည်း ရှိနေသည်။

ဗီဒီယိုများ