ရခိုင်မှ အမျိုးသမီးငယ် သုံးသောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းက အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် သုံးသောင်းသုံးထောင် သုံးရာကျော်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် တစ်နေ့လျှင် အမျိုးသမီးငယ် ၅၀ ခန့်ကို သက်ဆိုင်ရာဆေးခန်းအလိုက် ထိုးပေး သွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By မျိုးသီရိကျော် 21 Jan 2021

Photo - Gavi the Vaccine Alliance

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် သုံးသောင်းသုံးထောင် သုံးရာကျော်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် တစ်နေ့လျှင် အမျိုးသမီးငယ် ၅၀ ခန့်ကို သက်ဆိုင်ရာဆေးခန်းအလိုက် ထိုးပေး သွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ထိုးနှံရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါနှင့် လမ်းခရီးအခက်အခဲများကြောင့် မထိုးနှံခဲ့ရကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၇ မြို့နယ်တွင် အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“အမျိုးသမီးတွေမှာ စတုတ္ထအဖြစ်အများဆုံးရောဂါက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်တယ်။ အဲဒီထဲမှာမှ ၈၆ ရာခိုင်နှုန်းက ပိုးဝင်ပြီးတော့ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်တယ်။ ကာကွယ်ဆေးက သားအိမ်အတွင်း ဒီလိုမျိုးပိုးမဝင်ရအောင် ကာကွယ်ပေးတဲ့ဆေးဖြစ်ပါတယ်။ ဒီအရွယ်မှာထိုးထားရင်တော့ ထိရောက်မှုအရှိဆုံး ဖြစ်တယ်” ဟု ဆိုသည်။

ယင်းသို့ အမျိုးသမီးငယ်များကိုကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်စေရန် အဖြတ်လိုက် ထိုးနှံပေးနေ သည်ဟု မြောက်ဦးမြို့နယ်မှ ဒေါ်သန်းသန်းစိုးက ပြောသည်။

“မနေ့က ကျမတို့သမီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုပြီး ထိုးခဲ့ပါတယ်။ တစ်နေ့မှာ ၁၀ ယောက် လောက်ပဲထိုးပေးပါတယ်” ဟု ဆိုသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဇန်နဝါရီလအတွင်း ပထမအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ပြီး လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ